No Man's Land တွင်ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ကုလ အထူးကိုယ်စားလှယ် ရန်ဟီးလီ သွားရောက် တွေ့ဆုံ
ရှား Rohingya Today
No Man's Land တွင် ခိုလှုံနေသည့် ရိုဟင်ဂျာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနေသည့် ကုလ အထူးကိုယ်စားလှယ် ရန်ဟီးလီ (ဓါတ်ပုံ - Dil Mohammed)

ကော့ဇ်ဘဇား ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံ နယ်စပ်မျဉ်းကြားရှိ No Man's Land တွင် ၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းမှစ၍ ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခရန်ဟီးလီက ယနေ့ ဇန်နဝါရီလ (၂၁) ရက်နေ့ နေ့လည်ပိုင်းတွင် သွားရောက် တွေ့ဆုံသည်။

ရန်ဟီးလီက No Man's Land ရှိ ရိုဟင်ဂျာဒုက္ခသည်များကို ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ၎င်းတို့၏ အခက်အခဲများ၊ တောင်းဆို လိုလားချက်များကို မေးမြန်းခဲ့သည်။

“ကျွန်တော်တို့မှာ ဘာအခက်အခဲတွေရှိလဲ၊ ဘယ်လိုနေထိုင်ကြလဲ၊ ဘာတွေ ဖြစ်ချင်တာလဲ ဆိုတာတွေကို အသေးစိတ် မေးတယ်” ဟု No Man's Land တွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များ၏ ခေါင်းဆောင် ဦးဒိလ်မိုဟာမတ် က Rohingya Today သို့ပြောပါသည်။

“ပါမောက္ခရန်ဟီးလီက ဒီက ဒုက္ခသည်တော်တော်များများနဲ့ တွေ့သွားတယ်။ သူကတော့ ကျွန်တော်တို့ နေထိုင်နေရတဲ့ ပုံစံကိုကြည့်ပြီး အတော်လေး ဝမ်းနည်းတယ်လို့ ပြောပါတယ်။ အရင်တစ်ခါလာတုန်းကထက် ပိုဆိုးလာတဲ့အတွက် ပိုပြီး ဝမ်းနည်းတယ်လို့ ပြောတယ်။ ကျွန်တော်တို့ကို အရေးတကြီး ဘာလိုနေလဲလို့ မေးတော့ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ တိုင်းပြည်ကို ကျွန်တော်တို့ ပြန်ချင်တယ်။ ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာမှာ အကာအကွယ်လိုမယ်။ အဲဒီတော့ ကုလသမဂ္ဂကနေ ကျွန်တော်တို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချထားပေးမယ်လို့ အားလုံးက ဖြေကြတယ်။

“ကျွန်တော်တို့ ဒီမှာ ဒုက္ခခံပြီး မနေချင်တော့ဘူး။ ကျွန်တော်တို့ ပြန်ချင်တယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ အကာအကွယ် အစောင့်အရှောက်နဲ့သာ ပြန်ချင်တယ်။” ဟု ဦးဒီမိုဟာမတ်က ပြောသည်။

မြန်မာအာဏာပိုင်များက No Man's Land တွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ဖယ်ရှားရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ပြီး မအောင်မြင်သဖြင့် ယခုအခါ မိုးရာသီတွင် ဒုက္ခသည်များနေထိုင်ရာ နေရာတွင် ရေကြီး၍ တဲများ ရေထဲတွင် မျောပါသွားစေရန်အတွက် မလိုအပ်သည့်နေရာတွင် တံတားဆောက်လျက်ရှိသည်။

ဦးဒီလ်မိုဟာမတ်က “ကျွန်တော်တို့ကို မြန်မာအစိုးရက ဒီနေရာကနေ ဖယ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားတယ်။ မရတော့ အခု တံတားဆောက်နေတယ်။ တိုင်တွေများတော့ ရေလျှံပြီး အဲဒီရေတွေက ကျွန်တော်တို့ တဲတွေကို မြုပ်သွားစေမယ်။ ကလေးတွေရေနစ်ပြီး သေမယ်။ အဲလိုပုံစံမျိုးနဲ့ ကျွန်တော်တို့ကို ဒီနေရာကနေ ဖယ်ဖို့လုပ်နေတယ်” ဟု ဆိုသည်။ 

ပါမောက္ခရန်ဟီးလီက ၎င်းတို့၏ စားသောက်ရေးနှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းတို့က ICRC မှလွဲ၍ အခြားသော NGO အဖွဲ့အစည်းများ ၎င်းတို့၏ နေရာကို လာခွင့်မရှိကြောင်း၊ တဲများမှာလည်း ရောက်သည့်အချိန်က ဆောက်ထားတဲ့ တဲများ ဖြစ်သည့်အတွက် အလွန်ကို အခြေအနေဆိုးရွားနေကြောင်း၊ ဒုက္ခပေါင်းစုံနှင့် နေထိုင်နေရခြင်း ဖြစ်ကြောင်း၊ ကလေးများ၏ ပညာရေးအတွက် အလွန်စိုးရိမ်နေရကြောင်း၊ သင်ကြားပေးမည့် ဆရာများ ရှိသော်လည်း စာသင်ခန်းမရှိ၊ ပုံနှိပ်စာအုပ် မရှိသဖြင့် စာသင်၍ မရကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့၏ နိုင်ငံကို အကာအကွယ် အစောင့်အရှောက်ဖြင့် အမြန်ဆုံး ပြန်ချင်ကြောင်း တင်ပြခဲ့သည်။ 

ဒုက္ခသည်များက ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ “ကျွန်တော်တို့က ကြုံတွေ့ခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အတွက် တရားမျှတမှုကို လိုချင်တယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အတွက် နိုင်ငံတကာ ခုံရုံးက အပြစ်ပေး အရေးယူတာတွေ လိုချင်တယ်၊ အဲဒါတွေ အတွက် ကြိုးစားပေးပါ လို့ မေတ္တာရပ်ခံတယ်” ဟု ဒုက္ခသည်များက ကုလ အထူးကိုယ်စားလှယ် ရန်ဟီးလီ ထံ တောင်းဆိုကြသည်။

ရန်ဟီးလီ အား မြန်မာနိုင်ငံမှ ပြည်ဝင်ခွင့် ပိတ်ပင်ထားသည့် အပြင် ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်တော့သဖြင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်၍ စုံစမ်းရမည့် ကိစ္စရပ်များကို အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ သွားရောက်၍ စုံစမ်းနေခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇန်နဝါရီလ (၁၉) ရက်နေ့က ရောက်ရှိခဲ့ပြီး၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen နှင့် တွေ့ဆုံခဲ့သည်။

ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ သွားရောက်၍ ဒုက္ခသည်များနှင့် တွေ့ဆုံပြီး မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အထောက်အထားများကို စုဆောင်း၍ လာမည့် မတ်လတွင် ဆွဇ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် အစီရင်ခံစာ တင်သွင်းမည် ဖြစ်သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ