လူကုန်ကူးမှုရဲ့ သားကောင်တွေဖြစ်လာတဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်များ
ရှား Rohingya Today
၂၀၁၅ ခုနှစ်က မလေးရှားနိုင်ငံသို့ ရောက်ရှိသွားသည့် စက်လှေတစ်စီး (Photo: MAPIM)

လွန်ခဲ့တဲ့လတုန်းက ရိုဟင်ဂျာဒုက္ခသည်တွေ အပြည့်တင်ပြီး ပင်လယ်ဘက်ကို ထွက်ခွာနေတဲ့ စက်လှေတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာပိုင်တွေက ရပ်တန့်နိုင်ခဲ့တယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူကုန်ကူးမှုကို အင်တိုက်အားတိုက် တိုက်ဖျက်တဲ့အချိန်ကစပြီး ၃ နှစ်လောက်သာ အေးချမ်းခဲ့တယ်။ အခုတော့ ရိုဟင်ဂျာတွေကို ကုန်ပစ္စည်းတွေလို ကုန်သွယ်နေမှုက တကျော့ပြန်ထလာပါပြီ။ သတင်းရင်းမြစ်တွေကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားနိုင်ငံကို ထိုင်းနိုင်ငံကနေတဆင့် အသုတ်လိုက် ရောက်ရှိသွားကြပြီလို့ ဆိုတယ်။

၁၉၇၈ ခုနှစ်ကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေ စရောက်တယ်။ ရိုဟင်ဂျာဂျီနိုဆိုက် စတဲ့ အဲဒီနှစ်ကစပြီး ပြေးလိုက် ပြန်လာလိုက်၊ တစ်ချို့လည်း ပြန်လာချင်စိတ် မရှိတော့လိုက် ဒုက္ခသည်အဖြစ်နဲ့ ဘဝကို ဖြတ်သန်းလုပ်နေရင်း၊ အခုတော့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ရှိနေပြီ။

လွန်ခဲ့တဲ့လတုန်းက တပ်ခ်နာ့ဖ်မြို့နားက ရှာမ်လာပူရ်ကမ်းခြေကနေ မလေးရှားကို ထွက်ခွာမယ့် စက်လှေပေါ် တက်ဖို့ ပြင်ဆင်နေတဲ့ ရိုဟင်ဂျာ ၁၅ ဦး ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့သည်။ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၇ ဦးပါ။ သူတို့တွေက လူငယ်တွေနဲ့ ဆယ်ကျော်သက် အရွယ်တွေဖြစ်ပြီး၊ အူကီယားမြို့က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေ ဖြစ်ကြတယ်။ သူတို့လို စက်လှေပေါ်တက်ပြီး မလေးရှားသွားဖို့ ပင်လယ်ပြင်ကို ဦးတည်နေတဲ့ စက်လှေပေါင်းများစွာကို ရပ်တန့်ပြီး၊ လူကုန်ကူးသူတွေကို ဖမ်းဆီးခဲ့တယ်။

လူကုန်ကူးသူတွေကတော့ သူတို့ရဲ့ ကတိတွေကို ထုံးစံအတိုင်း မကြာခင် ဖျက်လေ့ရှိပြီး၊ လူကုန်ကူးခံနေရတဲ့ သားကောင်တွေကို လမ်းခုလတ်မှာ ထားပြီး သွားတာတွေ ရှိတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကင်းလှည့်နေချိန်မှာ ရှာပေါရ်ဒီရ်ကမ်းခြေမှာ ဒုက္ခသည် ၁၄ ယောက်ကို တွေ့ခဲ့တယ်။ လူကုန်ကူးသူက သူတို့တွေဆီက တာကာငွေ တစ်သောင်းစီယူပြီး မလေးရှားကို သွားလို့ရမယ့် နေရာကို ပို့ပေးမယ်ဆိုပြီး ပင်လယ်ပြင်မှာ နှစ်ရက်ကြာ စက်လှေနဲ့ ပတ်ပြီး အဲဒီ ကမ်းခြေကို ခေါ်လာပြီး ထိုင်းနိုင်ငံက ကမ်းခြေဆိုပြီး လိမ်ပြီး ချပေးခဲ့တာပါ။ သူတို့တွေက လူကုန်ကူးသူကို နောက်ထပ် တာကာငွေ တစ်သိန်းကိုးသောင်း စီ ပေးမယ်လို့ ကတိပေးထားတဲ့ ဒုက္ခသည်တွေပါ။ 

နိုဝင်လာလ ၇ ရက်နေ့တုန်းက ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေက မလေးရှားကို ဦးတည်ပြီးသွားနေတဲ့ လူကုန်ကူးသူ ၆ ဦး၊ ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီး ကလေးတွေအပါအဝင် ၃၃ ဦးကို ဖမ်းဆီးခဲ့တယ်။ ဇူလိုင်လတုန်းက ထိုင်းစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတွေက ရနောင်းမြို့ တောင်ကုန်းပေါ်ကနေ ရိုဟင်ဂျာ ၂၄ ယောက်ကို ဖမ်းဆီးခဲ့တယ်။ သူတို့တွေကို လူကုန်ကူးသူတွေက အဲဒီမှာ ထားပစ်ပြီး ၉ ရက်အကြာမှာ ဖမ်းဆီးခဲ့တာပါ။ သူတို့တွေက အူကီယား ဒုက္ခသည်စခန်းတွေကနေ လာတာပါလို့ ထိုင်းရဲတွေကို ဝန်ခံခဲ့တယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလည်း စက်လှေတွေနဲ့ မလေးရှားနိုင်ငံကို တရားမဝင် သွားလေ့ရှိတယ်။ အူကီယားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကနေ စက်လှေနဲ့ မလေးရှားကို ထွက်ခွာသွားသူ ၃၀၀ လောက်ရှိမယ်လို့ ဒုက္ခသည် အသိုင်းအဝိုင်းက ပြောဆိုနေကြတယ်။ နောက်ထပ်လည်း သွားဖို့ စီစဉ်နေသူတွေ ရာနဲ့ချီ ရှိနေတယ်လို့ ဆိုတယ်။

အူကီယား လူကုန်ကူးမှုတားဆီးရေး အဖွဲ့ကလည်း အခုလို လူကုန်ကူးမှု တကျော့ပြန်ဖြစ်နေတာတွေကို သိတယ်။ ဒီလမ်းကြောင်းက ၂၀၁၀ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး၊ လူကုန်ကူးတဲ့ ရာဇဝတ်ကောင်တွေကို ၂၀၁၂ ခုနှစ်ကတည်းက စီမံချက်ပေါင်းစုံနဲ့ ဖမ်းဆီးနေတာတွေလည်း ရှိတယ်။ 

၂၀၁၅ ခုနှစ်မှာ လူကုန်ကူးမှုရဲ့ သားကောင်ဖြစ်ခဲ့သူတွေကို သတ်ဖြတ်ပြီး မြုပ်နှံထားခဲ့တဲ့ ကျင်းတွေကို ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက တောတောင်တွေထဲမှာ တွေ့ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ လူကုန်ကူးတဲ့ဂိုဏ်းတွေက ခေါင်းဆောင်တွေ၊ အေဂျင့်တွေနဲ့ ငွေလွှဲပေးသူ ၃၀၀ လောက်နီးပါးကို ဖမ်းဆီးခဲ့တယ်။ 

ကော့ဇ်ဘဇားခရိုင်က လူကုန်ကူးသူတစ်ဦးဖြစ်တဲ့ ဒိုလူဟူစိန်းကတော့ ရဲတွေကို ပြန်လည်ပစ်ခတ်ရင်း သေသွားခဲ့ပြီး၊ ၁၅၀ လောက်ကို ဖမ်းဆီးခဲ့တယ်။ ကျန်တဲ့ လူကုန်ကူးသူတွေ ထွက်ပြေးကြလို့ လူကုန်ကူးမှု မရှိသလောက် နည်းပါးသွားခဲ့တယ်။ 

အခုတော့ တစ်သန်းကျော်ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက လူကုန်ကူးသူတွေရဲ့ သားကောင် ဖြစ်လာပြီ။ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ စစ်တပ်၊ ရဲ၊ နယ်ခြားစောင့်၊ ထောက်လှမ်းရေး အားလုံးက အခုတကျော့ပြန်ထလာတဲ့ လူကုန်ကူးမှုကို တားဆီးဖို့ အသင့်အနေအထားမှာ ရှိနေတယ်လို့ ဆိုတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ အနေနဲ့ မိမိတို့ရဲ့ ဆွေမျိုးတွေ ရှိတဲ့ မလေးရှားကို စက်လှေတွေစီးပြီး၊ လူကုန်ကူးသူတွေရဲ့ သားကောင်အဖြစ်နဲ့ သွားဖို့ မကြိုးစားသင့်ဘူး။ လမ်းခရီးမှာ သေမယ်ရှင်မယ်ဆိုတာလည်း မသေချာသလို၊ လူကုန်ကူးသူက ဘယ်နေရာမှာ ချပေးမယ်ဆိုတာလည်း မသေချာဘူး။ လမ်းခုလတ်မှာ အဖမ်းခံရမလားဆိုတာလည်း မသေချာဘူး။ လူကုန်ကူးသူတွေရဲ့ သားကောင် ဖြစ်ခဲ့သူတွေ ရာနဲ့ချီ အသတ်ခံခဲ့ရတယ်။ ရာနဲ့ချီ ထောင်ထဲမှာ နှစ်နဲ့ချီနေတာလည်းရှိတယ်။ 

ရခိုင်ပြည် မြောက်ပိုင်းက သေတွင်းကို ကျော်ဖြတ်ပြီး ပင်လယ်က သေတွင်းထဲ မဆင်းဖို့ တိုက်တွန်းရင်း ... ။

(Dhaka Tribune မှ သတင်းဆောင်းပါးကို မှီငြမ်းရေးသားသည်)


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ