ဘူးသီးတောင်မြို့ပေါ်ရှိ ယာဉ်ထိန်းရဲများက ရိုဟင်ဂျာ ယာဉ်မောင်းများထံမှ အတင်းအဓမ္မ ငွေညှစ်
သိမ်းဝေ Rohingya Today
မောင်တောမြို့မှ သုံးဘီးတက္ကစီ

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့ပေါ်ရှိ ယာဉ်ထိန်းရဲများက ရိုဟင်ဂျာ ယာဉ်မောင်းများထံမှ လစဉ်ကြေး ပုံစံဖြင့် ငွေညှစ်နေပြီး၊ မပေးသူများကို ဆဲဆိုခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းများ ပြုလုပ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်၊ မြို့မရဲစခန်းမှ ယာဉ်ထိန်းရဲများ ဖြစ်ကြသည့် ဒုရဲအုပ် ရဲမောင်မောင်၊ ဒုတပ်ကြပ် ရဲမင်းထွန်း၊ ဒုတပ်ကြပ် စိန်ရွှေလှ၊ ဒုတပ်ကြပ် ထွန်းကျော်နိုင် စသည့် ယာဉ်ထိန်းရဲများ ပူးပေါင်းပြီး ၎င်းတို့၏ လက်ကိုင်တုတ်ဖြစ်သူ အမှတ် (၁) ရပ်ကွက်မှ တက္ကစီယာဉ်မောင်း ဦးဆလိမ်း (အသက် ၃၅ နှစ်ခန့်) ကို အသုံးချ၍ ရိုဟင်ဂျာယာဉ်မောင်းများကို နည်းမျိုးစုံဖြင့် အပြစ်ရှာပြီး ခြိမ်းခြောက်ကာ ငွေညှစ်လျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ဒုရဲအုပ် ရဲမောင်မောင် (အသက် ၃၅ နှစ်ခန့်) သည် တက္ကစီယာဉ်မောင်းများထံမှ လစဉ်ကြေး ငွေကျပ် တစ်သောင်းမှ သုံးသောင်းထိ တောင်းယူပြီး မှတ်တမ်းစာအုပ်ဖြင့် ရေးမှတ်ထားသည်။

လစဉ်ကြေးကို အခြားလူမျိုး ယာဉ်မောင်းများထံမှ တောင်းခံခြင်း မပြုလုပ်ဘဲ ရိုဟင်ဂျာ ယာဉ်မောင်းများထံမှသာ ကောက်ခံလျက်ရှိပြီး၊ တောင်းသည့်ငွေကို မပေးနိုင်သူများကို ယာဉ်ထိန်းရဲများက လူမျိုး ဘာသာ အမည်များ သုံး၍ ဆဲဆိုစော်ကားခြင်း၊ ပါးရိုက်ခြင်း၊ ကန်ကျောက်ခြင်းနှင့် လက်သီးဖြင့် ထိုးခြင်း စသည့် ကိုယ်ထိလက်ရောက် စော်ကားမှုများ ပြုလုပ်သည်။ ဆိုင်ကယ်တက္ကစီသမားများထံမှ ဆိုင်ကယ်သော့ကို ဖြုတ်ယူသွားပြီး၊ ၎င်းတို့၏ လက်ကိုင်တုတ်ဖြစ်သည့် ဦးဆလိမ်း ထံမှတဆင့် ငွေကျပ် ငါးသောင်းမှ တစ်သိန်းအထိ ပေးခိုင်းပြီး ရွေးယူခိုင်းသည်။ ဆဲဆိုရိုက်နှက် စော်ကားသည့် ယာဉ်ထိန်းရဲများထဲတွင် ဒုတပ်ကြပ် ရဲမင်းထွန်းက အဆိုးဆုံးဖြစ်သည်။

“ကျွန်တော်တို့ ရိုဟင်ဂျာတွေကတော့ လွတ်လွတ်လပ်လပ် သွားလို့မရတဲ့ကြားက မြို့ပေါ် အနီးတဝိုက်မှာ တက္ကစီလေးမောင်းပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေတယ်။ ရတဲ့ငွေလေး နည်းနည်းထဲက ယာဉ်ထိန်းရဲတွေကို တစ်လကို တစ်သောင်းကနေ သုံးသောင်းထိ ပေးနေရတော့ ကျွန်တော်တို့အတွက် ဘာကျန်မလဲ။ ဒါက မတရားလုပ်တာ။ သက်သက်အနိုင်ကျင့်တာ။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု သုံးဘီးတက္ကစီ ယာဉ်မောင်းတစ်ဦးက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ