ဘူးသီးတောင်တွင် နယ်ခြားစောင့် ရဲကင်းစခန်းများကို AA က တိုက်ခိုက်ပြီးနောက် အနီးပတ်ဝန်းကျင်ရှိ ရွာသားများ လွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိသောကြောင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲကင်းစခန်းများကို ဇန်နဝါရီလ (၄) ရက်နေ့က ရက္ခိုင့်တပ်မတော် (AA) က တိုက်ခိုက်ပြီးနောက် တိုက်ခိုက်ခံရသည့်နေရာနှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာအုပ်စုအချို့မှ ရွာသားများ လွတ်လပ်စွာ သွားလာနိုင်ခြင်း မရှိသေးသောကြောင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသည်။

ဇန်နဝါရီလ (၄) ရက်နေ့က ရက္ခိုင့်တပ်မတော် (AA) က ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲကင်းစခန်း (၄) ခုကို တပြိုက်နက် စီးနင်းတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ (၁၃) ဦး သေဆုံးပြီး၊ (၁၄) ဦးကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းနေ့ ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ ယင်းဖြစ်စဉ်နောက်ပိုင်းတွင် မြန်မာစစ်တပ် လက်တုန့်ပြန်သည့် အနေဖြင့် နယ်မြေရှင်းလင်းရေး ပြုလုပ်လျက်ရှိရာ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် နှစ်ဘက်အကြား တိုက်ခိုက်မှုများ နေ့စဉ်နှင့်အမျှ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။  

ရဲကင်းစခန်း (၄) ခုကို AA က ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီးနောက် နယ်ခြားစောင့်ရဲများက AA လက်နက်ကိုင်အဖွဲ့က လမ်းများတွင် မိုင်းများ မြှပ်ထားကြောင်း၊ ရွာသားများအနေဖြင့် မိုင်းများ မရှင်းသရွေ့ အသွားအလာ ဆင်ခြင်ရန် သတိပေးခဲ့သည်။ မြန်မာစစ်တပ်မှ စစ်သားများကလည်း လမ်းမကြီးများကို မသုံးဘဲ တောင်ကြားလမ်းများအတိုင်းသာ သွားလာနေကြသည်။

“လမ်းတွေ ရှင်းပြီး မရှင်းသေးဘူးဆိုတာ နယ်ခြားစောင့်ရဲတွေက အခုထိမပြောသေးဘူး။ လူတွေက စားဝတ်နေရေး အခက်ကြုံနေပြီ။ (၁၃) ရက်နေ့က ရွာထဲက ခမီးလူမျိုးတစ်ယောက် စားကုန်ပစ္စည်းဝယ်ဖို့ မြို့ပေါ်တက်တော့ တင်းမေအုပ်စုမှာရှိတဲ့ လမ်းမကြီးမှ မြေမြုပ်မိုင်းထိပြီး ဒဏ်ရာရသွားတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။

“အရင်က ICRC အဖွဲ့က နှစ်လတစ်ကြိမ်၊ ဒါမှမဟုတ် တစ်လတစ်ကြိမ် ထောက်ပံ့ပစ္စည်းတွေ လာပေးတယ်။ အခု တိုက်ခိုက်မှုဖြစ်ပြီးနောက်မှာ လုံခြုံရေးအခြေအနေကြောင့် မလာနိုင်ကြဘူး” ဟု ၎င်းက ဆက်လက်ပြောပါသည်။ 

ပဒကားကျေးရွာအုပ်စု အပါအဝင် ကျောင်းတောင်၊ တင်းမေ၊ ဂုပ္ပီ၊ ကျွန်းပေါက် စသည့်ကျေးရွာများတွင် နေထိုင်နေကြသည့် ရွာသားများသည် စိုးရိမ်မှုကြောင့် အသွားအလာ မပြုလုပ်နိုင်သောကြောင့် စားဝတ်နေရေး အခက်အခဲများစွာ ရင်ဆိုင်နေရသည်ဟု ဒေသခံများက ဆိုသည်။ 

ပဒကားရွာသားများသည် ယခင် ပဒကားကျေးရွာအုပ်စု၊ ပန်ဇီရွာရှိ ရိုဟင်ဂျာအများစု ရောင်းခဲ့သည့် ဆိုင်ခန်း ၅၀ ခန့်ပါဝင်သည့် စည်ပင်ဈေးကို မှီခိုအားထားခဲ့သည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ်နောက်ပိုင်းတွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကို ကြောက်ရွံ့ကာ ဒေသခံရိုဟင်ဂျာအများစု တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွားသဖြင့် ဆိုင်ရှင်များ မရှိတော့၍ ဈေးမဖွင့်သောကြောင့် ရွာထဲရှိ ဆိုင်ငယ် အနည်းငယ်ကို မှီခိုအားထားနေရပြီး၊ အများစုက ဘူးသီးတောင်မြို့ပေါ်သို့ သွား၍ မြို့မဈေးကြီးမှ ဝယ်ယူစားသုံးရသည်။

ပဒကားကျေးရွာအုပ်စုသည် ဘူးသီးတောင်မြို့ပေါ်နှင့် ၃၅ မိုင်ခန့် အကွာရှိ တောင်တန်းဒေသရှိ ကျေးရွာအုပ်စုတစ်စုဖြစ်ပြီး၊ ကျီးနှုတ်သီး၊ အောက်ဘိုဂလေ၊ အထက်ဘိုကလေ၊ ကြောင်ဇာ၊ မြောက်ပန်ဇီ၊ တောင်ပန်ဇီ၊ မြောက်ပဒကား၊ အောင်မင်္ဂလာ၊ ရွာသစ်၊ အောင်မင်္ဂလာရွာဟောင်း၊ ကြောင်ဇာ၊ ငမြင်းဘော်ရွာသစ်၊ ငမြင်းဘော်ရွာဟောင်း၊ ဘောဒီကိုင်း၊ ကျီးနှုတ်သီး (မြိုရွာ) နှင့် ပန်ဇီ စသည့်ကျေးရွာများ ရှိသည်။ 

အဆိုပါကျေးရွာများတွင် ရိုဟင်ဂျာ၊ မြို၊ ခမီး နှင့် ဒိုင်းနက် လူမျိုးစုံ နေထိုင်ကြပြီး၊ ယခင်က ရိုဟင်ဂျာ ၇၅၀ ခန့်ရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ်နောက်ပိုင်း ရိုဟင်ဂျာအများစု နေရပ်စွန့်ခွာသွားသောကြောင့် အိမ်ခြေ ၂၅၀ ခန့်သာ ကျန်ရှိတော့သည်။ ရိုဟင်ဂျာမဟုတ်သည့် အခြားလူမျိုး အိမ်ခြေ ၃၅၀ ခန့်ရှိသည်။ 

ပဒကားကျေးရွာအုပ်စုတွင် လူမျိုးစုံ စည်းလုံးမှုရှိကြပြီး၊ ဆန်စပါး စိုက်ပျိုးခြင်း၊ ထင်းခုတ်ခြင်း၊ ဝါးခုတ်ခြင်း၊ စိုက်ပျိုးရေးနှင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်စားသောက်ကြသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှခိုင်က ရွာသားများကို သွားရေးလာရေး အလွန်သတိပြုရန်၊ ဖြစ်နိုင်လျှင် အိမ်အပြင် မထွက်ရန် မှာကြားထားသည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ