မောင်တော မြို့မတောင်ရပ်ကွက်၌ မတော်တဆ ထိခိုက်၍ သေဆုံးသွားသူ၏ အလောင်းကို ဆေးရုံအုပ်ကြီးက ငွေညှစ်ပြီးမှ ပြန်လည်ပေးအပ်
မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မတောင်ရပ်ကွက်မှ ဒေသခံတစ်ဦးသည် အလုပ်လုပ်နေစဉ် မတော်မဆ ထိခိုက်၍ သေဆုံးသွားပြီး ၎င်း၏ ရုပ်အလောင်းကို ဆေးရုံအုပ်ကြီးက ငွေညှစ်ပြီးနောက် မိသားစုဝင်များကို ပြန်လည်ပေးအပ်ခဲ့သည်။

မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက် အာလီရွာမှ ဦးနူရ်လ်အာမီးန် (ဘ) ဦးနူရ်ဟူဆောင်း (အသက် ၃၇ နှစ်) သည် လက်သမားတစ်ဦးဖြစ်ပြီး သားသမီး ငါးဦး၏ ဖခင် ဖြစ်သည်။ ၎င်းသည် အောက်တိုဘာလ (၂) ရက်နေ့တွင် နာရီစင်အနီးရှိ ဆိုင်တစ်ဆိုင်တွင် ငါးထပ်သားများကို ကျောက်စက် (သံခွဲစက်) ဖြင့် ခွဲနေစဉ် မတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့သည်။ ၎င်း၏ ညာလက်မောင်း အသားကွဲပြီး အရိုးထိမှန်သွားသည့်အပြင် သွေးထွက်လွန်နေသောကြောင့် ညနေ ၄း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ တာဝန်ရှိ ဆရာဝန်များက ကြိုးစား၍ ကုသပေးခဲ့သော်လည်း ခန္ဓာကိုယ်တွင် သွေးမရှိသလောက်ပင် နည်းပါးသွားသောကြောင့် ဆေးရုံရောက်ရှိပြီး ဆယ်မိနစ်ခန့်အကြာတွင် သေဆုံးသွားခဲ့သည်။

လုပ်ငန်းခွင်၌ မတော်တဆ ထိခိုက်၍ သေဆုံးသွားခြင်း ဖြစ်သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်း အပါအဝင် ဆေးရုံဝန်ထမ်းများက ၎င်း၏ အလောင်းကို ခွဲစိတ်ရမည်၊ သေမှုသေခင်းဖြင့် စစ်ဆေးရမည်ဟု ဆိုကာ ခွဲစိတ်ခန်းသို့ ပို့ဆောင်၍ ထိန်းသိမ်းထားခဲ့သည်။

ဆေးရုံအုပ်ကြီးက ရုပ်အလောင်းကို မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်ရန် ကြန့်ကြာနေသောကြောင့် ဆေးရုံအုပ်ကြီးနှင့် မိသားစုဝင်များနှင့် ညှိနှိုင်းသောအခါ ငွေကျပ် တစ်သိန်းလေးသောင်း ပေးမှသာ ပြန်လည် အပ်နှံမည်ဟု ပြောသောကြောင့် ည ၆ နာရီအချိန်တွင် သေဆုံးသူ၏ ဖခင်ဖြစ်သူက ငွေကျပ် တစ်သိန်းလေးသောင်း ပေး၍ အလောင်းကို ပြန်လည် လက်ခံရယူခဲ့ရကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

အလောင်းကို ခွဲစိတ်ခန်းမှ ပြန်လည်ထုတ်ပေးခြင်း ဖြစ်ပြီး၊ ခွဲစိတ်ခြင်း မရှိခဲ့ကြောင်း၊ ငွေညှစ်ရန်အတွက် ခွဲစိတ်ခန်းထဲသို့ ပို့ဆောင်ထားခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“မောင်တောဆေးရုံမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်နဲ့ သူနာပြုတွေကတော့ အင်မတန် စိတ်သဘောထား ကောင်းပါတယ်။ အားလုံးနဲ့လည်း အဆင်ပြေတယ်။ ဆေးရုံအုပ်ကြီးကတော့ အခုထိ အရင်အတိုင်းပဲ။ အခုကိစ္စက တကယ်ကို မဖြစ်သင့်တဲ့ကိစ္စပါ။ ငွေညှစ်ခံရသူက သားလည်း ဆုံးတယ်၊ ငွေလည်းဆုံးတယ်။ သားက အသက်ရှင်နေလို့ ပေးရတယ်ဆိုရင် ပေးပျော်ပါတယ်။ မိသားစုတွေက ပူဆွေးဝမ်းနည်းနေရတဲ့ အချိန်မှာ ကျန်းမာရေး ဝန်ထမ်းတွေက နှစ်သိမ့်စကား ပြောရမယ့်အစား ငွေညှစ်တာကို ကြည့်ခြင်းအားဖြင့် မောင်တောမြို့ရဲ့ ကျန်းမာရေးစနစ်က အတော်လေး ဆိုးဝါးနေသေးတယ်လို့ ပြောရပါမယ်” ဟု မြို့ခံတစ်ဦးက Rohingya Today သို့ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ