မြန်မာစစ်တပ်နှင့် AA တို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေရာအနီးတွင် ရိုဟင်ဂျာနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကျော်စိုး Rohingya Today
သေဆုံးသွားသူ ဆယိဒ်အာလောမ် (အသက် ၁၅ နှစ်)

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် AA တို့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေရာအနီးတွင် ရိုဟင်ဂျာနှစ်ဦး ပစ်ခတ်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး ကျန်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း သရက်ပြင်ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာအနီးတွင် ဇန်နဝါရီလ (၁၃) ရက်နေ့ နံနက် ၈း၃၀ နာရီခန့်အချိန်တွင် မြန်မာစစ်တပ်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် သရက်ပြင်ကျေးရွာအုပ်စုနှင့် ဖုံညိုလိပ်ကျေးရွာအုပ်စုတို့မှ တောတောင်ထဲသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် ဟင်းခင်း စောင့်ရှောက်သူများ၊ ထင်းခုတ်သူ ရိုဟင်ဂျာ ၂၅ ဦးခန့် အိမ်မပြန်နိုင်ဘဲ ပိတ်မိသွားခဲ့သည်။ 

တိုက်ပွဲအခြေအနေကို မသိရှိသည့် ဖုံညိုလိပ်ကျေးရွာမှ ရိုဟင်ဂျာလူငယ်နှစ်ဦးသည် တောထဲမှ ၎င်းတို့၏ နေအိမ်များသို့ ပြန်လာနေစဉ် မြန်မာစစ်တပ်မှ စစ်သားများက ၎င်းတို့အား လှမ်းခေါ်သဖြင့် ကြောက်လန့်၍ ထွက်ပြေးရန် ကြိုးစားခဲ့သဖြင့် စစ်သားများက ၎င်းတို့ နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံး၏ ခြေထောက်တွင် ကျည်ဆံ ထိမှန်ခဲ့သည်။ 

ကျည်ဆံထိမှန်သွားသည့် ရိုဟင်ဂျာလူငယ်နှစ်ဦးကို စစ်သားများက အပြစ်မဲ့များဟု သိရှိသွားပြီး ဒဏ်ရာများကို ပတ်တီးစည်းပေးခဲ့သော်လည်း ချက်ချင်း ဆေးကုသမှု အလုံအလောက်မရသည့်အပြင် တောထဲတွင် တစ်နေ့လုံး ထားထားသည့်အတွက် သွေးထွက်လွန်ပြီး ကျည်ဆံ နှစ်ချက် ထိမှန်သည့် ဆယိဒ်အာလောမ် (ဘ) ဦးအာဘူလ်ကာဆိမ်း (အသက် ၁၅ နှစ်) သည် ညအချိန်တွင် သေဆုံးသွားခဲ့သည်။ ကျန်သည့်တစ်ဦး ဖြစ်သည့် မိုဟမ္မဒ်အာယာစ် (ဘ) ဦးအာမီးရ်ဟူစိန်း (အသက် ၂၈ နှစ်) ကို စစ်သားများက ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ယနေ့ ပို့ဆောင်၍ ဆေးကုသ ပေးလျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

“တိုက်ပွဲ စဖြစ်တာ ၁၃ ရက်နေ့ မနက် ၈ နာရီခွဲ နဲ့ ၉ နာရီလောက်မှာ ရှိမယ်၊ ၁၁ နာရီလောက်မှာ ပစ်ခတ်သံတွေ ငြိမ်သွားတယ်။ တိုက်ပွဲမဖြစ်ခင် မနက် အစောပိုင်း အလုပ်ဆင်းတဲ့သူတွေရယ်၊ စိုက်ခင်းတွေမှာ ညစောင့်သွားအိပ်တဲ့သူတွေရယ် အားလုံး ၂၅ ယောက်လောက် တောထဲမှာ ပိတ်မိသွားတယ်။ သူတို့ ပြန်မလာလို့ ကျွန်တော်တို့က စိုးရိမ်နေကြတယ်။ ဒီနေ့ စစ်သားတွေက သူတို့ကို ဆန်အိတ်တွေ၊ Royal Teamix အထုပ်တွေ ပေးပြီး ရွာအထိ လိုက်ပို့ပေးတယ်။ ဒါပေမယ့် အဲဒီထဲက နှစ်ယောက်က ကျည်ဆံထိမှန်ပြီး၊ တစ်ယောက်ကတော့ ဆုံးသွားပြီး၊ နောက်တစ်ယောက်ကို ဆေးရုံပို့ထားတယ်” ဟု ဖုံညိုလိပ်ရွာသား တစ်ဦးက ပြောပါသည်။ 

တိုက်ပွဲဖြစ်ခဲ့သည့် နေရာသည် ရိုဟင်ဂျာလူငယ်နှစ်ဦး ပစ်ခတ်ခံရသည့် နေရာနှင့် မိုင်ဝက်ခန့် ကွာဝေးသည်ဟု ဒေသခံများက ဆိုသည်။ 

မြန်မာစစ်တပ်မှ တပ်ရင်းမှူးတစ်ဦးက သေဆုံးသွားသူ၏ မိသားစုအား အစပိုင်းတွင် ငွေကျပ် တစ်သိန်း ပေးပြီး၊ သေဆုံးသွားသူ၏ ဖခင် ဦးအာဘူလ်ကာဆိမ်း ကို ဗျူဟာရုံးသို့ ခေါ်ဆောင်သွားပြီး ငွေကျပ် ၅ သိန်း ထပ်မံပေးခဲ့ကြောင်း သိရသည်။ 

သေဆုံးသွားသူ ဆယိဒ်အာလောမ်၏ ရုပ်အလောင်းကို နေ့လည် ၃း၃၀ နာရီအချိန်တွင် မိသားစုအား လွှဲပြောင်း ပေးအပ်ခဲ့ပြီး၊ မိသားစုများက ညနေ ၅ နာရီခန့် အချိန်တွင် မြေမြုပ် သဂြိုလ်ခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ