No Man's Land အနီး မြန်မာအစိုးရက တံတားဆောက်လုပ်နေခြင်းသည် ရိုဟင်ဂျာဒုက္ခသည်စခန်း ရေကြီးမှုအန္တရာယ်ကြုံရန် တမင်ကြံရွယ်ခြင်းဖြစ်
ရှား Rohingya Today
တောင်ပြိုချောင်းတွင် ဆောက်လုပ်နေသည့် တံတား

မောင်တော ။ ။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မျဉ်းအနီးရှိ တောင်ပြိုချောင်းတွင် မြန်မာအာဏာပိုင်များက တံတားဆောက်လုပ်နေခြင်းသည် No Man's Land ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း ရေကြီးမှု အန္တရာယ်ကြုံတွေ့ရန်အတွက် တမင်ကြံရွယ်နေခြင်း ဖြစ်သည်ဟု ရိုဟင်ဂျာဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ဘင်္ဂလားဒေ့ရှ်ရွာသားများက ဝေဖန်သုံးသပ်နေကြသည်။ 

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး အနီးရှိ တောင်ပြိုချောင်းတွင် မြန်မာအာဏာပိုင်များက တံတားဆောက်လုပ်လျက်ရှိပြီး၊ ယင်းတံတားတွင် တိုင်များစွာ အသုံးပြုထားသည်။ လာမည့် မိုးရာသီတွင် ရေလျှံမှုကြောင့် No Man's Land ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း ရေနစ်မြုပ်ပြီး ပျောက်သွားနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ ဒေသခံများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရိုဟင်ဂျာဒုက္ခသည်များက သုံးသပ်နေကြသည်။ 

တောင်ပြိုချောင်းတွင် ဆောက်လုပ်နေသည့် တံတားကြောင့် မိုးရာသီတွင် ရေလျှံမှု ဖြစ်ပေါ်လာပါက No Man's Land ရှိ ရိုဟင်ဂျာဒုက္ခသည် ငါးထောင်ကျော်အပြင် အနီးအနားရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်သောင်းခန့် ရေဘေး ကြုံတွေ့ရမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Dhaka Tribune သတင်းတွင် ရေးသားဖော်ပြထားသည်။ 

နယ်စပ်မျဉ်းအနီးတွင် နေထိုင်ကြသည့် ရိုဟင်ဂျာဒုက္ခသည်များနှင့် ဒေသခံဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက တောင်ပြိုတူးမြောင်းချောင်းတွင် ကောင်းမွန်သည့် လမ်းမရှိဘဲ ရေလျှံလာရန် ရည်ရွယ်ချက်ဖြင့် တံတားဆောက်လုပ်နေခြင်းမှာ No Man's Land မှ ရိုဟင်ဂျာဒုက္ခသည်များကို ဖယ်ရှားရန် ပရိယာယ်သစ် သုံးနေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းကြားရှိ No Man's Land တွင် ရိုဟင်ဂျာဒုက္ခသည် ငါးထောင်ကျော် ခိုလှုံလျက်ရှိရာ ၎င်းတို့ကို ယင်းနေရာမှ ဖယ်ရှားရန်အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးမှု၊ ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။ 

“ကျွန်တော်တို့က တောင်ပြိုဘက်ကနေ ဒီနေရာမှာ လာခိုလှုံနေတာ။ တောင်ပြိုဒေသခံတွေဆိုတော့ အခုဆောက်နေတဲ့ တံတားက လိုတယ် မလိုဘူးဆိုတာ ကျွန်တော်တို့ အသိဆုံးပဲ။ တံတားမှာ တိုင်တွေများတော့ ရေလျှံလာမယ်၊ အဲဒီရေတွေနဲ့ ကျွန်တော်တို့ ဒုက္ခသည်စခန်း မြုပ်သွားမယ်။ အန္တရာယ်တော်တော်ကြီးတယ်။ အကုန်သေသွားနိုင်တယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေတင် မဟုတ်ဘူး။ ဒီနားက ဒေသခံဘင်္ဂါလီတွေပါ ဒုက္ခရောက်မယ်။ လူတွေက အရမ်းကို စိုးရိမ်နေကြတယ်။ မြန်မာအစိုးရရဲ့ မကောင်းတဲ့ ကြံစည်မှုဆိုတာ အထင်းသားမြင်နေရတယ်။” ဟု No Man's Land တွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များ၏ ခေါင်းဆောင် ဦးဒိလ်မိုဟာမတ် က Rohingya Today သို့ပြောပါသည်။ 

တောင်ပြိုချောင်းတွင် တံတားဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ကော့ဇ်ဘဇားခရိုင် ဒုတိယကော်မရှင်နာ မိုဟာမတ်ကမာလ်ဟူစိန်းက တင်ပြထားကြောင်း Dhaka Tribune ၏ သတင်းတွင် ရေးသားထားသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ