စစ်တွေမြို့ စံပြကျေးရွာရှိ ဘာဆာရာ IDP စခန်းတွင် အိမ်ထောင်စုစာရင်း အသစ်များကို လူမျိုးအမည် ကွက်လပ်ထား၍ ဆက်လက်ထုတ်ပေး
အောင်ဇံဝေ Rohingya Today
ဘာဆာရာရှိ စံပြ IDP စခန်းတွင် အိမ်ထောင်စုစာရင်းအသစ်များ ထုတ်ပေးနေပုံ

စစ်တွေ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စံပြကျေးရွာရှိ ဘာဆာရာ IDP ဒုက္ခသည်စခန်းသို့ အာဏာပိုင်များ လာရောက်၍ အိမ်ထောင်စုစာရင်းမရှိသည့် မိသားစုများအား ရိက္ခာထုတ်လက်မှတ်များမှ အချက်အလက်များကို သုံး၍ အိမ်ထောင်စုစာရင်း အသစ်များ ထုတ်ပေးပြီး၊ မိသားစုဓါတ်ပုံများ ရိုက်ယူခဲ့သည်။

ဇန်နဝါရီလ (၇) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် စစ်တွေမြို့ စံပြကျေးရွာရှိ ရိုဟင်ဂျာများ နေထိုင်သည့် ဘာဆာရာ IDP ဒုက္ခသည်စခန်းသို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး၊ လ.ဝ.က ဦးစီးမှူးနှင့် ဝန်ထမ်းများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး စခန်းတစ်ခုလုံးကို လုံခြုံရေး ရဲအင်အား ၁၀၀ ခန့်ဖြင့် ဝန်းရံပြီး၊ ၆ နှစ်ကျော်ကြာ ဒုက္ခသည်ဘဝသို့ ရောက်နေသည့် ရိုဟင်ဂျာမိသားစုများထံမှ အိမ်ထောင်စုစာရင်းများ တောင်းခံခဲ့ရာ၊ ၂၀၁၂ ခုနှစ် ဇွန်လတွင် အကြမ်းဖက်တိုက်ခိုက်မှုမှ အသက်လု ထွက်ပြေးခဲ့ရသောကြောင့် အိမ်ထောင်စုစာရင်းများ ယူလာနိုင်ခြင်း မရှိခဲ့ကြောင်း ဖြေကြားခဲ့သည်။ 

ဇန်နဝါရီလ (၇) ရက်နေ့တွင် လ.ဝ.က ဝန်ထမ်းများက ဒုက္ခသည်များ ရိက္ခာထုတ်ယူသည့် ကတ်ပြားများကို ယူ၍ မိသားစုဝင်များ၏ အမည်များကို အိမ်ထောင်စုစာရင်း ပုံစံတစ်ခုတွင် ဖြည့်စွက်၍ လူမျိုးနေရာတွင် ရိုဟင်ဂျာ ကို “ရိုဟင်ဂျာ” ဟု မရေးဘဲ “ဘင်္ဂါလီ” ဟု ဖြည့်စွက်ခဲ့သည်။ 

ယင်းနေ့တွင် မိသားစု (၁၆၀) ကို အိမ်ထောင်စုစာရင်းအသစ်များ ထုတ်ပေးခြင်း၊ မိသားစု ဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။ မိသားစုတိုင်းကို မိသားစုဝင်များအားလုံးနှင့် အတူစုဝေးခိုင်းပြီး ဓါတ်ပုံများ ရိုက်ယူခဲ့သည်။ ဓါတ်ပုံရိုက်ကူးစဉ် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာနိုင်ခြင်း မရှိသည့် မိသားစုဝင်များကို အိမ်ထောင်စုစာရင်းတွင် မှတ်တမ်းတင်ခြင်း မပြုခဲ့ပေ။

စံပြကျေးရွာရှိ ဘာဆာရာ IDP စခန်းတွင် မိသားစုပေါင်း ၉၆၀ ရှိပြီး၊ ဇန်နဝါရီလ (၇) ရက်နေ့တွင် မိသားစု (၁၆၀) နှင့် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကျန်သည့် မိသားစု အားလုံးနီးပါးကို အိမ်ထောင်စုစာရင်း အသစ်များ ထုတ်ပေးခဲ့သည်။ 

ဇန်နဝါရီလ (၁၀) ရက်နေ့တွင် လူမျိုးနေရာတွင် လူမျိုးအမည် မဖြည့်ဘဲ ကွက်လပ်ချန်ထားခဲ့ကြောင်း စစ်တွေမြို့အခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားသူတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

“ပထမနေ့ (၇) ရက်နေ့မှာ မိသားစု ၁၆၀ ကို ဘင်္ဂါလီ လူမျိုးဖြည့်ပြီးလုပ်ပေးခဲ့တယ်။ ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာ သူတို့ မလာကြဘူး။ မနေ့က ၁၀ ရက်နေ့ပေါ့၊ ပြန်လာတယ်။ ကျန်တဲ့ မိသားစုအာလုံးနီးပါးကို လုပ်ပေးလိုက်တယ်။ လူမျိုးနေရာမှာတော့ ဘာမှ မဖြည့်ဘဲ ကွက်လပ်ချန်ခဲ့တယ်။ မိသားစု (၃) စု လောက်သာကျန်တော့တယ်။ အဲဒီတော့ သူတို့ ဘယ်အချိန်မဆို ပြန်လာပြီး အဲဒီမိသားစု (၃) စုကို လုပ်ပေးမယ်လို့ ထင်တယ်” ဟု ၎င်းက ပြောပါသည်။

“မိသားစုတွေကတော့ သူတို့တွေရဲ့ မိသားစုဓါတ်ပုံတွေ ရိုက်ယူတာ ဘာကြောင့်လဲဆိုတာ မေးခွန်းထုတ်နေကြတယ်။ အာဏာပိုင်တွေဘက်က ပွင့်လင်းမြင်သာမှု မရှိဘူး။ ဘာကြောင့် ရိုက်ယူတာလဲ၊ ဘာအတွက် သုံးမှာလဲဆိုတာကို ဖွင့်မပြောဘူး၊ အဲဒါကြောင့် IDP တွေက သို့လော၊ သို့လောနဲ့ စိုးရိမ်နေကြတယ်”


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ