ဘူးသီးတောင် လောင်းချောင်းတွင် ICRC မှ ဖြန့်ဝေသောရိက္ခာများထဲမှ ကုလားပဲအိတ်များကို အုပ်ချုပ်ရေးမှူးက ထုတ်မပေး
အောင်မင်း Rohingya Today
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ICRC မှ ရိက္ခာများ ဖြန့်ဝေနေသည့်ပုံ (ဓါတ်ပုံ - ICRC/Chandrasekhar Chatterjee)

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ လောင်းချောင်းကျေးရွာအုပ်စုတွင် ICRC မှ ဖြန့်ဝေသော ရိက္ခာများထဲမှ ကုလားပဲအိတ်များကို အုပ်ချုပ်ရေးမှူးက ထုတ်မပေးဘဲ အခြားပစ္စည်းများသာ ထုတ်ပေးခဲ့သည်။

ICRC အဖွဲ့သည် လောင်းချောင်းရွာသားများကို ရိက္ခာများ ဖြန့်ဝေပေးရန် ၎င်းတို့ ခန့်အပ်ထားသည့် စေတနာ့ဝန်ထမ်းများကို ဇန်နဝါရီလ (၉) ရက်နေ့က ရိက္ခာများ လွဲအပ်ပေးခဲ့သည်။ ယင်းရိက္ခာများကို ယနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ဖြန့်ဝေပေးရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင် (ဘ) ဦးအုန်းဖေ (အသက် ၃၅ နှစ် က ကုလားပဲအိတ်များကို ထုတ်မပေးဘဲ ကျန်သည့် အခြားရိက္ခာများ ဖြစ်သည့် ဆန်၊ သကြား၊ ဆီ၊ လဘက်ခြောက်၊ အာဟာရမှုန့်များကိုသာ ထုတ်ပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

လောင်းချောင်းတွင် ယခင်က ရိုဟင်ဂျာအိမ်ခြေ ၃၀၀ ခန့်ရှိသည့်အနက် ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ်နောက်ပိုင်းတွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရိုဟင်ဂျာအိမ်ထောင်စု ၂၀၀ ခန့် နေရပ်စွန့်ခွာသွားခဲ့သည်။ ယခုအခါ ရိုဟင်ဂျာအိမ်ခြေ ၉၉ အိမ်နှင့် ဒိုင်းနက်အိမ်ခြေ ၄၀၃ အိမ်၊ စုစုပေါင်း အိမ်ခြေ ၅၀၂ အိမ်ရှိသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင် ထုတ်မပေးသည့် ကုလားပဲအိတ်များမှာ ကီလို ၄၀ ရှိသည့် အိတ်များဖြစ်ပြီး အိတ်တစ်အိတ်လျှင် ကာလတန်ဖိုး ၁၅၅၀၀/- ရှိသည်။ 

မိသားစုဝင် ၁ ဦးမှ ၃ ဦးရှိလျှင် ကုလားပဲတစ်အိတ် (ကီလို ၄၀)၊ ဆန်တစ်အိတ် (ကီလို ၅၀) နှင့် အခြားအထွေထွေ ပစ္စည်းများ၊ မိသားစုဝင် ၄ ဦးမှ ၆ ဦးရှိလျှင် ကုလားပဲနှစ်အိတ်၊ ဆန်နှစ်အိတ်နှင့် အခြားအထွေထွေ ပစ္စည်းများ၊ မိသားစုဝင် ၇ ဦးမှ ၁၀ ဦးရှိလျှင် ကုလားပဲ သုံးအိတ်နှင့် ဆန်သုံးအိတ်နှင့် အခြားအထွေထွေ ပစ္စည်းများ၊ မိသားစုဝင် ၁၀ ဦးအထက်ရှိလျှင် ကုလားပဲ လေးအိတ်၊ ဆန်လေးအိတ်နှင့် အခြားအထွေထွေ ပစ္စည်းများ စသည်ဖြင့် ဖြန့်ဝေရန် ရရှိသည့် ထောက်ပံ့ပစ္စည်းများမှ ကုလားပဲအိတ်များကို ထုတ်မပေးဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးက မတရားသဖြင့် သိမ်းယူခဲ့ခြင်း ဖြစ်သည်။ 

“အုပ်ချုပ်ရေးမှူးက ဒိုင်းနက်လူမျိုးပါ။ ကုလားပဲအိတ်တွေကို သိမ်းလိုက်ပေမယ့် ဒိုင်းနက်ရွာသားတွေကိုကျတော့ ကုလားပဲအိတ်တွေအတွက်ဆိုပြီး တစ်အိတ်ကို ငွေကျပ် တစ်သောင်းနှုန်း ရှင်းပေးလိုက်တယ်။ ဒိုင်းနက်ရွာသားတွေက တစ်အိတ်ကို တစ်သောင်းစီရတော့ ကျေနပ်သွားတယ်” ဟု ရွာသားတစ်ဦးက ပြောပါသည်။ 

“ရွာထဲမှာရှိတဲ့ မိသားစုတိုင်း မိသားစုဝင် အရေအတွက်နဲ့ တွက်ကြည့်ရင် အုပ်ချုပ်ရေးမှူးက ကုလားပဲအိတ် ၁၅၀၀ လောက် သိမ်းယူလိုက်တယ်။ ဒိုင်းနက် မိသားစု ၄၀၃ အတွက် အိတ် ၁၂၀၀၊ ရိုဟင်ဂျာမိသားစု ၉၉ စု အတွက် အိတ် ၃၀၀ လောက်ရှိမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ 

ဒိုင်းနက်ရွာသားများကို ကုလားပဲအိတ် တစ်အိတ်လျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ရှင်းပေးလိုက်သောကြောင့် အိတ်ပေါင်း ၁၂၀၀ မှ ရရှိမည့် အမြတ်နှင့် ရိုဟင်ဂျာများကို ငွေတစ်ကျပ်တစ်ပြားမှ ထုတ်မပေးသည့် ကုလားပဲအိတ် ၃၀၀ ခန့်တို့မှ ရရှိမည့်အကျိုးအမြတ်ကို တွက်ချက်ကြည့်ပါက အုပ်ချုပ်ရေးမှူး ဦးတင်အောင်သည် ငွေကျပ် သိန်း ၁၁၀ ကျော် ရရှိမည်ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ