ဘူးသီးတောင် ကျောင်းတောင်မှ ရာအိမ်မှူးတစ်ဦးက ရွာသားများထံမှ ငွေညှစ်ခြင်း၊ တဖက်နိုင်ငံရောက် ဒုက္ခသည်များ၏ နေအိမ်များကို အလွဲသုံးစား ပြုလုပ်ခြင်းများ ပြုလုပ်နေ
ကျော်စိုး

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ကျေးရွာအုပ်စုမှ ရာအိမ်မှူးတစ်ဦးသည် ရွာသူရွာသားများကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်၍ ငွေညှစ်ခြင်းနှင့် တဖက်နိုင်ငံရောက် ဒုက္ခသည်များ၏ အိမ်အလွတ်များကို စိတ်တိုင်းကျ အလွဲသုံးစား ပြုလုပ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင်ကျေးရွာအုပ်စုမှ ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးဆလိမ်း (ဘ) ဦးရှားကဲရ်မိုဟမ္မဒ် (အသက် ၄၀ နှစ်) သည် အာဏာပိုင်များ၏ လက်ကိုင်တုတ်တစ်ဦး ဖြစ်ပြီး၊ အာဏာပိုင်များနှင့် နီးစပ်မှုရှိသည်ကို အခွင့်ကောင်းယူ၍ ရွာသူရွာသားများကို ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ တဖက်နိုင်ငံရောက် ဒုက္ခသည်များ၏ နေအိမ်အလွတ်များကို နွားတင်းကုပ်များအဖြစ် အသုံးပြုခြင်း၊ ခြံဝင်းများအတွင်း အခြားအဆောက်အဦများ ဆောက်လုပ်ခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ ဖြစ်စဉ်နောက်ပိုင်းတွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များတွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် စစ်တပ်တို့၏ ရက်စက်ကြမ်းကြုတ်သော နယ်မြေရှင်းလင်းရေးဒဏ်ကို မခံနိုင်၍ ရိုဟင်ဂျာ (၇) သိန်းကျော် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသက်ရှင်ရေးအတွက် ထွက်ပြေးရာတွင် ကျောင်းတောင်ကျေးရွာအုပ်စုမှ တစ်ရွာလုံးနီးပါး ပါသွားခဲ့သည်။ 

ရာအိမ်မှူး ဦးဆလိမ်းသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် နယ်ခြားစောင့်ရဲများနှင့် ရင်းနှီးမှုရှိသည်ကို အခွင့်ကောင်းယူ၍ ရွာအတွင်း ကျန်ရှိနေသည့် ရွာသားအချို့ကို အလကားရသည့် ကျွန်များသဖွယ် လုပ်အားပေးခိုင်း၍ အိမ်အလွတ်များကို ဖြိုဖျက်ခိုင်းကာ ၎င်း၏ အကျိုးစီးပွားအတွက် ဆန်စပါး၊ အာလူး၊ ငရုတ်သီး ဂိုဒေါင်များ၊ နွားတင်းကုပ်နှင့် ဆိတ်သိုလှောင်ရုံများ၊ ဈေးဆိုင်ခန်းများကဲ့သို့ ပုံသဏ္ဍန်ရှိသည့် ဆိုင်တန်းများကို ဆောက်လုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

ယခုလတွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဧည့်ခံရမည်ဟု အကြောင်းပြ၍ ကျောင်းတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အပိုင်တွင်ရှိသော ကျေးရွာသားများထံမှ ငွေကျပ် (၇) သိန်းနှင့် ဆိတ်အကောင် (၅၀) တို့ကို အတင်းအဓမ္မ ကောက်ယူခဲ့ကြောင်း သိရသည်။ 

အိမ်အလွတ်များကို ဖြိုဖျက်နေစဉ် ရွာသားများက ဟန့်တားရန် ကြိုးစားခဲ့သော်လည်း ၎င်းက “မင်းတို့တွေ အေးဆေးနေ၊ မနေရင် အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခိုင်းမယ်” ဟု ခြိမ်းခြောက်ဆဲဆိုခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ