မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် မောင်တောခရိုင်မှ ပြည်သူများ အထိတ်တလန့် ဖြစ်နေ
မင်းနိုင်ဦး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် မောင်တော၊ ဘူးသီးတောင်မြို့နယ်များမှ ပြည်သူများ အထိတ်တလန့် ဖြစ်နေသည်။

နယ်မြေရှင်လင်းရေး စတင်သည့်အခါ လမ်းပန်းဆက်သွယ်ရေးများ ပိတ်ထားမည်ဟု သတင်းများထည်း ထွက်ပေါ်လာသောကြောင့် စားစရာကုန်ပစ္စည်းများ ဝယ်ယူ၍ သိုလှောင်နေသည်ကို တွေ့ရှိရသည်။

ဘူးသီးတောင်မှ ဒေသခံရိုဟင်ဂျာတစ်ဦးဖြစ်သူ ကိုဇေယျာက “တပ်မတော်က အင်အားတွေ အဆမတန် ဖြည့်နေတာ တွေ့ရတယ်။ နယ်မြေရှင်းလင်းရေး လုပ်မယ်လို့လည်း သတင်းတွေ ထွက်နေတော့ ရခိုင်တွေရော ရိုဟင်ဂျာတွေရော အထိတ်တလန့် ဖြစ်နေကြတယ်။ မြန်မာ့တပ်မတော်က လွန်ခဲ့တဲ့နှစ်တွေတုန်းက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ ရိုဟင်ဂျာတွေကို တရားဥပဒေမဲ့ သတ်ဖြတ်ခဲ့တာတွေ၊ ရွာလုံးကျွတ် အိမ်တွေ မီးရှို့ခဲ့တာတွေ ရှိခဲ့တော့ အခုလည်း အဲလိုလုပ်ရပ်မျိုးတွေ ရှိလာမလားဆိုပြီး ရိုဟင်ဂျာတွေက ပိုပြီး စိုးရိမ်နေတာ တွေ့တယ်” ဟု Rohingya Today သို့ပြောပါသည်။

ယနေ့ ဇန်နဝါရီလ (၉) ရက်နေ့တွင် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ ဒေသခံပြည်သူများက စားစရာကုန်ပစ္စည်းများ အလုအယက်ဝယ်ယူ၍ သိုလှောင်နေကြောင်း မောင်တောဒေသခံ ကိုလှထွန်းက ဆိုသည်။

“လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်မယ်လို့ သတင်းထွက်နေတော့ လူတွေက စားစရာကုန်ပစ္စည်းတွေ ဝယ်ယူသိုလှောင်ထားတဲ့ သဘောပါ။ အထူးသဖြင့် ငါးခြောက်နဲ့ ဆန်တွေ ဝယ်နေတာ တွေ့ရတယ်။ ဒီနေ့ ညနေပိုင်းမှာ ဆိုင်တွေမှာ ငါးခြောက်တောင် မရှိတော့ဘူး။ ဝယ်တဲ့အထဲမှာ ရိုဟင်ဂျာတွေရော၊ ရခိုင်တွေရော၊ မြိုတွေရော လူမျိုးစုံတယ်။ လူတွေက ထိတ်လန့်ပြီး စိုးရိမ်နေကြတာ တွေ့ရတယ်။ အသွားအလာတွေကလည်း နည်းလာတယ်” 

ဇန်နဝါရီလ (၄) ရက်နေ့တွင် ရက္ခိုင့်တပ်မတော် (AA) က ဘူးသီးတောင်မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၄) ခုကို တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်ရဲ (၁၃) ဦး သေဆုံးပြီး (၁၄) ဦးကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ယင်းနေ့ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ယင်းဖြစ်စဉ် နောက်ပိုင်းတွင် မြန်မာစစ်တပ်က လက်တုန့်ပြန်သည့်အနေဖြင့် မောင်တောခရိုင်တွင် နယ်မြေရှင်းလင်း ပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေပြီး၊ လမ်းပန်းဆက်သွယ်ရေးပါ ပိတ်မည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ပြီး စားကုန်ပစ္စည်းများ သိုလှောင်နေကြခြင်း ဖြစ်သည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများကို AA က တိုက်ခိုက်ခဲ့သည်ဟု တရားဝင်စာထုတ်၍ ဝန်ခံထားသော်လည်း မြန်မာအစိုးရက AA နှင့် ARSA တို့ပေါင်းနေသည်ဟု ခိုင်မာသည့် အထောက်အထားမရှိဘဲ လိုရာဆွဲ စွပ်စွဲပြောဆိုနေခြင်းသည် နိုင်ငံတွင်းတွင် ကျန်ရှိနေသည့် ရိုဟင်ဂျာများကို နိုင်ငံတွင်းမှ တွန်းထုတ်ရန် ကြံစည်နေခြင်းသာ ဖြစ်သည်ဟု ရိုဟင်ဂျာအရေး စောင့်ကြည့် လေ့လောနေသူများက သုံးသပ်နေကြသည်။ 

လက်ရှိအခြေအနေတွင် မောင်တောခရိုင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းအများစု၏ ဘေးဝန်းကျင်များတွင် မိုင်းဗုံးများ ထောင်ထားသောကြောင့် ပြည်သူများ သွားသတိလာသတိ ရှိကြရန် လိုသည်ဟု မောင်တောခရိုင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့၏ တာဝန်ခံ ကိုဝင်းမြင့်က ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ