အိန္ဒိယနိုင်ငံံမှ ရိုဟင်ဂျာဒုက္ခသည်အချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံ
ရှား Rohingya Today
ဓါတ်ပုံ - AFP

အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ပေးနေသောကြောင့် ဒုက္ခသည်အချို့ နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြောင်း AFP သတင်းဌာနမှ အိန္ဒိယအာဏာပိုင်များ ပြောကြားသည်ကို ကိုးကား၍ ရေးသားထားသည်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ လွတ်လပ်သော အချက်အလက် ရှာဖွေရေးအဖွဲ့ ဥက္ကဌ မစ္စတာမာဇူကီဒါရုစ်မန် က ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြောကြားခဲ့သော်လည်း အိန္ဒိယနိုင်ငံမှ ၅ ဦးပါ မိသားစုတစ်စုကို လွန်ခဲ့သည့်အပတ်က မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက အိန္ဒိယနိုင်ငံသည် နိုင်ငံတကာဥပဒေများကို မထီမဲ့မြင်ပြု၍ ရိုဟင်ဂျာများကို အန္တရာယ်ရှိသည့်နေရာသို့ ပို့ခဲ့ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။ 

အိန္ဒိယနိုင်ငံသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းကို လက်မှတ်မထိုးထားသည့် နိုင်ငံဖြစ်ပြီး၊ ၂၀၁၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ခိုလှုံနေသည့် ရိုဟင်ဂျာ ၂၃၀ ဦးကို ဖမ်းဆီးခဲ့သည်။ ဟိန္ဒူအစွန်းရောက်များက မွတ်စလင်ဒုက္ခသည်များကို နေရပ်သို့ အစုလိုက်အပြုံလိုက် ပြန်ပို့ရန် တောင်းဆိုနေခြင်းများလည်း ရှိသည်။ 

ဘင်္ဂလားဒေ့ရှ်နယ်စပ် အာဏာပိုင်များနှင့်ရဲများက လွန်ခဲ့သည့်သီတင်းပတ်များတွင် အိန္ဒိယဘက်မှ ဝင်ရောက်လာသည့် ရိုဟင်ဂျာ ဒါဇင်ပေါင်းများစွာကို ထိန်းသိမ်းခဲ့ပြီးနောက် ရိုဟင်ဂျာတစ်သန်းကျော် ခိုလှုံနေသည့် ဒုက္ခသည်စခန်းများသို့ ပို့ခဲ့ကြောင်း AFP သတင်းဌာနကို အတည်ပြုပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ပို့နေသောကြောင့် ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ 

“အိန္ဒိယက ရိုဟင်ဂျာဒုက္ခသည်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး မြန်မာနိုင်ငံဘက်ကို ပြန်ပို့နေတာကြောင့် သူတို့တွေ ကြောက်စိတ်ဝင်လာကြတယ်လို့ ကျွန်တော်တို့ကို ပြောတယ်” ဟု ဘင်္ဂလားဒေ့ရှ် အရှေ့ပိုင်း နယ်စပ် ဘရာမန်ပါရာမှ ရဲတပ်ဖွဲ့မှူး ရှာဂျဟန်ကဘိရ် က ပြောသည်။ 

လွန်ခဲ့သည့်အပတ် ကြာသပတေးနေ့က နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော ရိုဟင်ဂျာ (၁၇) ဦးကို ထိန်းသိမ်းခဲ့ပြီး၊ အခြားသော နယ်စပ်စခန်းများတွင် (၃၁) ဦး ထိန်းသိမ်းခဲ့သည်ဟု ၎င်းက ပြောပါသည်။ အဆိုပါ ရိုဟင်ဂျာများသည် အိန္ဒိယနိုင်ငံတွင် ၆ နှစ်ကျော် ခိုလှုံခဲ့သူများ ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှူး ကဘိရ် က ဖြည့်စွက်ပြောသည်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်၏ သတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားခရိုင်သို့ ရိုဟင်ဂျာ (၇) သိန်းကျော်ထွက်ပြေး တိမ်းရှောင်၍ ခိုလှုံလျက်ရှိပြီး၊ ယခုရက်ပိုင်းတွင် (၅၇) ဦး ထပ်မံရောက်ရှိလာသည်။ ရောက်ရှိလာသူများသည် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်၊ ဂျာမူးနှင့် ကဲရှ်မီးရ် တို့မှ ဖြစ်သည်ဟု ကော့ဇ်ဘဇားခရိုင်တွင်ရှိသည့် ရိုဟင်ဂျာဒုက္ခသည်စခန်းများအနက် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် ကုသုပါလောင် စခန်းအုပ်ချုပ်ရေးမှူး ရေဇာရုလ်ကရီးမ် က ပြောပါသည်။

အိန္ဒိယနိုင်ငံတွင် ရိုဟင်ဂျာ ၄ သောင်းကျော် ခိုလှုံလျက်ရှိပြီး၊ ၁၈၀၀၀ ကို ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ (UNHCR) က တရားဝင် ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုထားသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ