AA ၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍ မဆိုင်သည့် ရိုဟင်ဂျာများကို မောင်တော အုပ်ချုပ်ရေးမှူးက စွပ်စွဲ ခြိမ်းခြောက်
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်မများကို အရေးပေါ် အစည်းအဝေးခေါ်ယူ၍ AA က တိုက်ခိုက်ခဲ့သည်နှင့် ပတ်သက်၍ ရိုဟင်ဂျာများကို မဟုတ်မမှန်များ စွပ်စွဲပြီး ခြိမ်းခြောက်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း (၄) ခုကို ဇန်နဝါရီလ (၄) ရက်နေ့ နံနက် ၅ နာရီခန့် အချိန်တွင် ရခိုင့်တပ်မတော် (AA) လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ပြီးပြီးချင်း နံနက် ၁၁ နာရီအချိန်တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများကို အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ “ငါတို့က အကြမ်းဖက်သမားတွေ အကုန်ထွက်ပြေးသွားတယ်၊ ဒီမှာ ကျန်နေတဲ့ လူတွေက လူကောင်းတွေလို့ပဲ ထင်နေခဲ့တာ၊ အခုက အကြမ်းဖက်သမားတွေ ရှိနေတဲ့ သတင်းတွေ ကြားနေရတယ်၊ ဥပမာ မြို့ဦးကျေးရွာအုပ်စုမှာ ရှိနေတယ်လို့ သတင်းရတယ်၊ ငါတို့က ရခိုင်ပြည်နယ်ကို မရရအောင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ဖို့ ကြိုးစားနေတဲ့ကြားက မင်းတို့က တော်တော်လူလည်ကျနေတာပဲ၊ မင်းတို့ ဘင်္ဂါလီတွေက AA နဲ့ လက်တွဲပြီး ငါတို့ကို လာတိုက်နေတယ်ဆိုတော့ ငါတို့ကလည်း မနှစ်က သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တဲ့ ဘီလူးစစ်တပ်တွေကို ခေါ်ထားတယ်၊ သူတို့က မကြာခင် ဒီကိုရောက်လာပြီး မင်းတို့ကို စားပစ်တော့မယ်” ဟု မဟုတ်မမှန် စွပ်စွဲမှုများ ပြုလုပ်ပြီး ခြိမ်းခြောက်မှု များစွာ ပြုလုပ်ခဲ့ကြောင်း မောင်တောမြို့ခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

မြို့နယ်အုပ်ချုပ်ရေးမှူးက မောင်တောတွင် အကြမ်းဖက်သမားများ ရှိနေကြောင်း သတင်းများ ရရှိထားသောကြောင့် တွေ့ရှိသည်ဖြစ်စေ၊ သတင်းရရှိသည်ဖြစ်စေ၊ ချက်ချင်း သက်ဆိုင်ရာကို အကြောင်းကြားရမည် ဖြစ်ပြီး အကြောင်းမကြားဘဲ နေသည်ကို တွေ့ရှိရပါက ဒုက္ခရောက်လိမ့်မည် ဖြစ်ကြောင်း၊ ရွာတွင် ညကင်းစောင့်ရမည် ဖြစ်ပြီး၊ ရွာပြန်၍ မိမိတို့၏ ရပ်ကွက်၊ ကျေးရွာများတွင် ပြောထားရမည်ဟု မှာကြားခဲ့သည်။ 

၎င်းက မောင်တောမြို့နယ်ရှိ မည်သည့်နေရာတွင်မဆို တစ်ခုခု ဖြစ်လာခဲ့ပါက ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ကြုံတွေ့ခဲ့သည်ထက် ပို၍ ဆိုးရွားစွာ ကြုံတွေ့ရမည့်အကြောင်း ရွာပြန်၍ ရွာသူရွာသားများကို ကြိုတင်သိရှိအောင် ပြောရမည်ဟုလည်း မှာကြားခဲ့သည်။ 

“စိုးရိမ်ရတာက အခုကိစ္စကို ရခိုင်တွေက လုပ်တာ၊ သူတို့ကိုယ်တိုင်လည်း ကြေညာပြီးသား၊ အဲဒါကိုတောင် မြို့နယ်အုပ်ချုပ်ရေးမှူးဆိုတဲ့ ရာထူးကြီးနဲ့ ပုဂ္ဂိုလ်တစ်ဦးက ကျွန်တော်တို့ ရိုဟင်ဂျာတွေဘက်ကို အခုလို သက်သေ အထောက်အထားမဲ့ ထိုးချနေတော့ ကျွန်တော်တို့ကို အရင်က လုပ်ခဲ့သလို ပြန်ပြီး လူမျိုးတုံး သတ်ဖြတ်မှာကို စိုးရိမ်မကင်း ဖြစ်နေရတယ်” ဟု မောင်တောမြို့ခံက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ