ဘူးသီးတောင် နန်းရာကုန်းမှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို အတင်းအဓမ္မ သိမ်းဆည်း၍ စေတီနှင့် ဓမ္မာရုံ ဆောက်လုပ်ရန် ပြင်ဆင်နေ
အောင်မင်း Rohingya Today
နန်းရာကုန်းရှိ ရိုဟင်ဂျာပိုင် လယ်ယာမြေကို အာဏာပိုင်များ သိမ်းဆည်း၍ အလံစိမ်း စိုက်ထူထားပုံ

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် နန်းရာကုန်းကျေးရွာအုပ်စုတွင် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေအချို့ကို အာဏာပိုင်များက သိမ်းဆည်း၍ စေတီနှင့် ဓမ္မာရုံ ဆောက်လုပ်ရန် ခြံစည်းရိုး ကာရန် ပြင်ဆင်လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ငွေကြေးချမ်းသာကြသည့် ဦးမောင်ကာလူ (အသက် ၅၀ နှစ်ခန့်)၊ ဦးဇော်ဝင်း (အသက် ၄၅ နှစ်ခန့်) တို့ပါဝင်သည့် (၆) ဦးပါ အဖွဲ့တစ်ဖွဲ့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့တွင် နန်းရာကုန်းကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး၊ ကူးတို့ဆိပ်ကျေးရွာရှိ အစိုးရမူလွန်ကျောင်း၏ အရှေ့ဘက် ပေ ၆၀ ခန့် အကွာတွင် ရှိသော ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေ (၂.၅) ဧကကို ကြည့်ရှုတိုင်းတာခဲ့သည်။ ထို့နောက် လေးဘက်စလုံးတွင် အစိမ်းရောင် အလံ ၄ ခုနှင့် အလယ်ဗဟိုတွင် အနီရောင် အလံ တစ်ခု စုစုပေါင်း အလံ ၅ ခု စိုက်ထူခဲ့သည်။ 

၎င်းတို့က ယင်းနေရာတွင် စေတီနှင့် ဓမ္မာရုံ ဆောက်လုပ်ရန် ရှိသဖြင့် ပိုင်ရှင်များထံမှ ဝယ်ယူလို၍ ရောင်းမှသာ ဝယ်ယူ၍ ဆောက်လုပ်ပါမည်ဟု ရွာသားများကို ပြောဆို၍ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

ယခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် အဆိုပါနေရာသို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ရောက်ရှိလာပြီး၊ အလံများ စိုက်ထူထားသည့် နေရာများကို Bulldozer မြေထိုးစက်ဖြင့် ထိုးနေစဉ် လယ်ယာမြေပိုင်ရှင်များက “ကျွန်တော်တို့ရဲ့ သဘောတူညီချက် မရရှိဘဲ ဘာကြောင့် ဒီလိုလုပ်နေရတာလဲ” ဟု မေးမြန်းရာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က “ရောင်းရောင်း မရောင်းရောင်း ငါတို့ ဒီနေရာကို သိမ်းပြီး ဆောက်သွားမယ်” ဟု ပြောဆို၍ မြေထိုးစက်ဖြင့် ဆက်လက်ထိုးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

နန်းရာကုန်းမှ ရိုဟင်ဂျာများပိုင် လယ်ယာမြေများကို အာဏာပိုင်များက သိမ်းဆည်း၍ မြေထိုးစက်ဖြင့် မြေညှိနေပုံ
နန်းရာကုန်းမှ ရိုဟင်ဂျာများပိုင် လယ်ယာမြေများကို အာဏာပိုင်များက သိမ်းဆည်း၍ မြေထိုးစက်ဖြင့် မြေညှိနေပုံ

လယ်ယာမြေပိုင်ရှင်များ၏ သဘောတူညီမှု မရရှိဘဲ အတင်းအဓမ္မ သိမ်းဆည်းပြီးနောက် လွန်ခဲ့သည့် သုံးရက်ခန့်မှ စ၍ ယင်းနေရာတွင် ခြံစည်းရိုး ကာရန် ပြင်ဆင်လျက်ရှိသည်ကို မြင်တွေ့နေရသဖြင့် လယ်ယာမြေ ပိုင်ရှင်များက အလွန် စိုးရိမ်မကင်း ဖြစ်နေကြသည်။ 

အတင်းအဓမ္မ သိမ်းဆည်းခံရသည့် လယ်ယာမြေများ၏ ပိုင်ရှင်များမှာ --

(၁) မော်လဝီ ဦးအူမာရ်ဖာရုခ် (ဘ) ဦးအဗ်ဒူလ်ကယူမ် (အသက် ၄၅ နှစ်) -- သိမ်းဆည်းခံရသည့် လယ်ယာမြေ (၁.၂) ဧက
(၂) ဒေါ်ဂူလ်ဇာရ် (ဘ) ဦးဂူလာမျာ (အသက် ၅၂ နှစ်) -- သိမ်းဆည်းခံရသည့် လယ်ယာမြေ (ဝ.၉) ဧက
(၃) ဒေါ်ဇူလေဟ (ဘ) ဦးအီမာမ်ဟူစိန်း (အသက် ၃၈ နှစ်) -- သိမ်းဆည်းခံရသည့် လယ်ယာမြေ (ဝ.၃) ဧက
(၄) ဦးအဗ်ဒူလ်မန်နာန် (ဘ) ဦးအဘူလ်ဟာရှိမ်း (အသက် ၃၅ နှစ်) -- သိမ်းဆည်းခံရသည့် လယ်ယာမြေ (ဝ.၁) ဧက -- တို့ဖြစ်ကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ