အိန္ဒိယနိုင်ငံမှ ဒုတိယအကြိမ်ပြန်ပို့သည့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ UNHCR က ရှင်းလင်းချက်တောင်းဆို
ရှား Rohingya Today
ဇန်နဝါရီလ (၃) ရက်နေ့က ပြန်ပို့လိုက်သည့် ရိုဟင်ဂျာမိသားစု (ဓါတ်ပုံ - REUTERS/Stringer)

ဇန်နဝါရီလ (၃) ရက်နေ့က အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ဆောင်လိုက်သည့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ (UNHCR) က ဝမ်းနည်းကြောင်းနှင့် အိန္ဒိယနိုင်ငံမှ ရှင်းလင်းချက်ပေးရန် တောင်းဆိုကြောင်း ယနေ့ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။ 

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရသည့် ရိုဟင်ဂျာမိသားစုသည် အိန္ဒိယနိုင်ငံရှိ UNHCR မှ တရားဝင် အသိအမှတ်ပြုခြင်း ခံထားရသည့် ဒုက္ခသည်များဖြစ်ပြီး၊ အိန္ဒိယနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် အာသံပြည်နယ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။ UNHCR က ၎င်းတို့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံသို့ ပြန်လိုသည့် စိတ်ဆန္ဒရှိ/မရှိ မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အိန္ဒိယ အာဏာပိုင်များက ခွင့်ပြုခြင်း မရှိခဲ့ကြောင်း UNHCR ၏ ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

ရိုဟင်ဂျာများအတွက် လုံခြုံမှုမရှိသေးသည့် အခြေအနေတွင် အိန္ဒိယနိုင်ငံက သုံးလအတွင်း ဒုတိယအကြိမ် ပြန်လည်ပို့ဆောင်ခြင်း ဖြစ်သည်။ 

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ပို့ဆောင်ခဲ့သည့် ရိုဟင်ဂျာ (၇) ဦးကို မြန်မာအာဏာပိုင်များက NVC ကဒ်များ ထုတ်ပေးပြီး မူရင်းနေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။ 

အိန္ဒိယနိုင်ငံတွင် ရိုဟင်ဂျာ ၄ သောင်းကျော် ခိုလှုံလျက်ရှိပြီး အိန္ဒိယ UNHCR က ၁၈၀၀၀ ကို ဒုက္ခသည်များအဖြစ် တရားဝင် အသိအမှတ်ပြုထားသည်။ ၂၀၁၈ ခုနှစ် တစ်နှစ်တည်းအတွင်းတွင် အိန္ဒိယအာဏာပိုင်များက ရိုဟင်ဂျာ ၂၃၀ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ