မောင်တော သရက်အုပ် အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ ဒေသခံများထံမှ ငွေညှစ်
မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သရက်အုပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒေသခံရိုဟင်ဂျာများထံမှ နည်းအမျိုးမျိုးဖြင့် ငွေညှစ်လျက်ရှိသည်။

မောင်တောမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ရွာသူရွာသားများ အချင်းချင်းစကားများလျှင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအေးမောင်နှင့် အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာတွင်းတွင် ဖြေရှင်းပေးခြင်း မပြုလုပ်ဘဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းနှင့် ပူးပေါင်း၍ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

၂၀၁၈ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလကုန်အထိ ရွာသားများစွာ ငွေညှစ်ခံခဲ့ရပြီး၊ ငွေညှစ်ခံရသူအချို့မှာ --

(၁) ဦးဖိုက်ဆဲလ် (ဘ) ဦးကာလာဘော်ဒါ -- ညှစ်ခံရငွေကျပ် (၃) သိန်း
(၂) ဦးအာဘူလ်အာယာစ် (ဘ) ဦးရှော်မ်ရှူ -- ညှစ်ခံရငွေကျပ် (၁၀) သိန်း
(၃) ဦးအဒူရှော်ရိဖ် (အလယ်ရွာ) -- ညှစ်ခံရငွေကျပ် (၁၂) သိန်း
(၄) ဦးအေနာယောဒ်အုလ္လာ (အလယ်ရွာ) -- ညှစ်ခံရငွေကျပ် (၁၁) သိန်း -- တို့ဖြစ်ကြသည်။ 

သရက်အုပ်ကျေးရွာတွင် ဆွဲ၊တင်၊စစ် စစ်ဆေးလျက်ရှိပြီး၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မွေးတိုးတစ်ဦး ငွေကျပ် ၁၅၀၀၀/-၊ အသက်ပြည့်ထောက်ခံစာ တစ်စောင် ငွေကျပ် ၁၅၀၀၀/-၊ အပြောင်းအရွှေ့တစ်ဦး ငွေကျပ် နှစ်သောင်းမှ သုံးသောင်းထိ၊ လက်ထပ်ခွင့်တစ်စောင် ငွေကျပ် နှစ်သောင်းမှ ငါးသောင်းထိ၊ နယ်မြေကျော် လက်ထပ်ခွင့်တစ်စောင် ငွေကျပ် နှစ်သောင်းမှ သုံးသောင်းထိ ကောက်ခံနေကြောင်း ဒေသခံများက ပြောပါသည်။ 

“ကျွန်တော်တို့မှာ လုပ်ကိုင်စရာ လုပ်ငန်းတွေလည်း မရှိတော့ဘူး။ ပုံမှန်ဝင်ငွေလည်း မရှိဘူး။ သွားလာရေးလည်း အကုန်ကန့်သတ်ထားတယ်။ ရွာထဲမှာနေတာက အကျဉ်းထောင်ထဲမှာ နေရတာနဲ့ အတူတူပဲ။ ဒီလို အခြေအနေမှာ အခုလို မတရားသဖြင့် ငွေကောက်နေတာက ကျွန်တော်တို့ကို ရိုက်နှက်ပြီး ညှဉ်းပန်းနှိပ်စက်တာထက်တောင် ဆိုးနေသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ယခုကဲ့သို့ မတရားသဖြင့် ငွေညှစ်ခြင်း၊ ငွေကောက်ခံခြင်းများကို အထက်အာဏာပိုင်များ၊ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့က လက်ပိုက် ကြည့်မနေဘဲ ဟန့်တားအရေးယူပေးပါရန် ဒေသခံများက တောင်းဆိုနေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ