အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာ ၅ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်
ရှား Rohingya Today
၂၀၁၈ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့က အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာ (၇) ဦးကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးနေစဉ် (ဓါတ်ပုံ - မဏိပူရ်ရဲတပ်ဖွဲ့)

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ရိုဟင်ဂျာ (၅) ဦးကို အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဏိပူရ်ပြည်နယ်၊ မိုရေးမြို့မှ တဆင့် ပြန်ပို့မည်ဟု အာဏာပိုင်များက အတည်ပြုပြောကြားကြောင်း အိန္ဒိယနိုင်ငံမှ ဟိန္ဒူစ်တန်တိုင်းမ် သတင်းစာက ရေးသားဖော်ပြထားသည်။ 

ဟာယာနာပြည်နယ်၊ အမ်ဘာလာမြို့တွင် ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာအမျိုးသား မိုဟာမတ်ဆလာမ် ကို ယနေ့ ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင့် မဏိပူရ်ရဲတပ်ဖွဲ့က အတည်ပြုသည်။

ပြန်ပို့ခံရမည့် ရိုဟင်ဂျာ (၅) ဦးသည် မဏိပူရ်သို့ ထွက်ခွာသွားပြီ ဖြစ်ပြီး၊ ၎င်းတို့အား ကြာသပတေးနေ့ သို့မဟုတ် မြန်မာအာဏာပိုင်များ သတ်မှတ်သည့်နေ့တွင် ပြန်လည်ပို့ဆောင်မည် ဖြစ်သည်ဟု ဆိုနိသ်ပူရ်မှ ရဲအရာရှိကြီးတစ်ဦးက ဆိုသည်။ 

၎င်းတို့ (၅) ဦးကို တပ်ဇ်ပူရ်မြို့တွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး၊ ယင်းမြို့ရှိ အကျဉ်းထောင်တွင် ၂၀၁၄ ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ (၈) ဦးနှင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာ (၇) ဦးရှိသည်။ အဆိုပါ (၁၅) ဦးစလုံးသည် ဘူးသီးတောင်မြို့နယ်တွင် မြန်မာအာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို မခံနိုင်တော့၍ အိန္ဒိယနိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ကြသူများ ဖြစ်ပြီး၊ တရားဝင်နေထိုင်ခွင့် မရှိသောကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

လွန်ခဲ့သည့် အောက်တိုဘာလက ရိုဟင်ဂျာ (၇) ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီး၊ ၎င်းတို့အား မြန်မာအာဏာပိုင်များက NVC ကဒ်များ ထုတ်ပေးပြီး ကြိုဆိုခဲ့သည်။ 

မြန်မာအစိုးရနှင့် စစ်တပ်တို့၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို မခံနိုင်၍ နိုင်ငံရပ်ခြားသို့ ထွက်ပြေးခိုလှုံနေသည့် ရိုဟင်ဂျာ နှစ်သန်းနီးပါး ရှိပြီး၊ အိန္ဒိယနိုင်ငံတွင် လေးသောင်းကျော် ခိုလှုံလျက်ရှိသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ