မောင်တောမြို့ပေါ်တွင် ငွေကြေးမတတ်နိုင်၍ မီးသတ်ဂက်စ်ဗူး မဝယ်နိုင်ဟု ပြောသူများကို မီးသတ်တပ်ဖွဲ့ဝင်များက ဆူပူကြိမ်းမောင်း ပါးရိုက်
မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး ငွေကြေးမတတ်နိုင်၍ မဝယ်နိုင်ဟု ပြောဆိုသူများကို မီးသတ်တပ်ဖွဲ့ဝင်များက ဆူပူကြိမ်းမောင်းခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်သည်။

ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လည် ၂ နာရီခန့်အချိန်တွင် မောင်တောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းရွှေခိုင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့မတောင်ရပ်ကွက် သီရိမင်္ဂလာခန်းမ ရှေ့လိုင်းတန်းရှိ ဦးမူဆာ၏ ဆိုင်ကယ်ပြင်ဆိုင်သို့ ရောက်ရှိလာပြီး မီးသတ်ဂက်စ်ဗူးတစ်ဗူးကို ငွေကျပ် လေးသောင်းဖြင့် ဝယ်ယူရန် ပြောဆိုခဲ့သည်။ ဆိုင်ရှင်ဖြစ်သူ ဦးမူဆာက ဆိုင်မှရရှိသော ဝင်ငွေဖြင့် မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေရကြောင်း၊ မီးသတ်ဂက်စ်ဗူး ဝယ်ယူရန် ငွေမတတ်နိုင်ကြောင်း ကောင်းမွန်စွာ ပြောပြသော်လည်း မီးသတ်တပ်ဖွဲ့ဝင်များက ဆိုင်ထဲသို့ ဝင်ရောက်၍ ထိုင်ခုံများကို ခြေထောက်များဖြင့် ကန်ကျောက်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်းများ ပြုလုပ်၍ မဝယ်မနေရဟု ဆိုကာ အတင်းအဓမ္မ ရောင်းချခဲ့ကြောင်း မြို့ခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

အလားတူ ဆိုင်ကယ်ပြင်ဆိုင်မှ ဦးအစ္စမိုင်လ်ကိုလည်း ပါးရိုက်၍ အတင်းအဓမ္မ ရောင်းချခဲ့ကြောင်း အဆိုပါ မြို့ခံက ပြောပါသည်။ 

မီးသတ်တပ်ဖွဲ့က ငွေကျပ် လေးသောင်းမှ ငါးသောင်းဖြင့် အတင်းအဓမ္မ ရောင်းချ၍ တပ်ဆင်ခိုင်းနေသည့် 3KG မီးသတ်ဆေးဗူးတစ်ဗူး၏ ပြင်ပပေါက်ဈေးမှာ ငွေကျပ် ၁၆၀၀၀ မှ ၁၇၀၀၀ လောက်သာရှိသည်။ ဈေးဆိုင်ပိုင်ရှင်များက မိမိတို့၏ အစီအစဉ်ဖြင့် ပြင်ပဈေးကွက်မှ ဝယ်ယူ၍ တပ်ဆင်မည်ဟု ပြောဆိုသော်လည်း မီးသတ်တပ်ဖွဲ့ဝင်များက အပြင်မှ ဝယ်ယူ၍ တပ်ဆင်ခွင့် မရှိကြောင်း၊ ၎င်းတို့ထံမှ ဝယ်ယူတပ်ဆင်ရမည်ဟု ပြောဆိုကာ ဈေးကြီးကြီးဖြင့် ၎င်းတို့ထံမှ အတင်းအဓမ္မ ဝယ်ယူခိုင်းသည်ဟု ဈေးဆိုင်ပိုင်ရှင်များက ပြောပါသည်။

“ရခိုင်လူမျိုးတွေရဲ့ ဆိုင်တွေကို ရောင်းနေတာ မကြားမိဘူး။ ကျွန်တော်တို့ကိုကျတော့ တမင် အနိုင်ကျင့်နေတာ၊ ယခင် စစ်အစိုးရလက်ထက်က ပုံစံအတိုင်း အနိုင်ကျင့် ရက်စက်နေတုန်းပဲ။ မဝယ်ရင် ဖမ်းခံရမယ်ဆိုတာမျိုး ခြိမ်းခြောက်တာတွေ ရှိတယ်။ အရောင်းအဝယ်လည်း မကောင်းတဲ့ အချိန်ဆိုတော့ ပိုပြီး ဒုက္ခရောက်တယ်” ဟု ဈေးဆိုင်ရှင်တစ်ဦးက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ