ဘူးသီးတောင် သပိတ်တောင် ဆွဲ၊တင်၊စစ် စစ်ဆေးမှုတွင် ငွေကြေး အဆမတန်ကောက်ခံနေသဖြင့် ရိုဟင်ဂျာများ အခက်ကြုံနေရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာအုပ်စုတွင် ဆွဲ၊တင်၊စစ် စစ်ဆေးရာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ငွေကြေး အဆမတန် ကောက်ခံမှုကြောင့် ရိုဟင်ဂျာများ အခက်အခဲ ကြုံတွေ့လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သပိတ်တောင်ကျေးရွာအုပ်စုတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့သည် ဒီဇင်ဘာလ (၂၆) ရက်နေ့မှစ၍ ဆွဲ၊တင်၊စစ် စစ်ဆေးရာ၌ စစ်ဆေးရေးအဖွဲ့ အတွက် ထမင်းစရိတ်ဟုဆိုကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၅၀၀/-၊ ကလေးမွေးတိုးတစ်ဦးကို အိမ်ထောင်စုလူဦးရေစာရင်းတွင် တင်ပေးရန် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အတွက် ငွေကျပ် ၅၀၀၀/- မှ ၁၀၀၀၀/- အထိ၊ ကျန်းမာရေး ထောက်ခံချက်အတွက် ငွေကျပ် ၁၀၀၀/-၊ စစ်ဆေးရေးအဖွဲ့အတွက် ငွေကျပ် ၁၀၀၀၀/- မှ ၁၅၀၀၀/-၊  စုစုပေါင်း ငွေကျပ် ၃၀၀၀၀/- ဝန်းကျင်အထိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာကျော်နှင့်အဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ပူးပေါင်း၍ ကောက်ခံနေကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

အပြောင်းအရွှေ့များအတွက် ပြုလုပ်ပေးရာတွင်လည်း နှစ်ခုစလုံး တစ်အုပ်စုအတွင်းမှ အိမ်ထောင်စုစာရင်း ဖြစ်မှသာ ပြုလုပ်ပေးနေပြီး အိမ်ထောင်စုစာရင်းတစ်ခုမှ နောက်တစ်ခုသို့ ပြောင်းရွှေ့ပေးရန် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အတွက် ငွေကျပ် ၁၀၀၀၀/- မှ ၂၀၀၀၀/- အထိ၊ လက်ထပ်စာချုပ်အတွက် ငွေကျပ် ၄၀၀၀၀/- မှ ၆၀၀၀၀/- ကျပ်အထိ၊ စစ်ဆေးရေးအဖွဲ့အတွက် ငွေကျပ် ၂၀၀၀၀/- မှ ၃၀၀၀၀/- ကျပ်အထိ၊ စုစုပေါင်း ငွေကျပ် တစ်သိန်းခန့် ကောက်ခံနေကြောင်း ရွာသားတစ်ဦးက ပြောသည်။

ရိုဟင်ဂျာများသည် အသွားအလာ ပိတ်ပင်ခံထားရပြီး၊ အလုပ်အကိုင် အခွင့်အလမ်း အလွန်ရှားပါးသွားသည့်ကြားက ယခုလို ကလေးမွေးတိုးနှင့် အပြောင်းအရွှေ့များ ပြုလုပ်ရာတွင် ငွေအလွန်အကျွံ ကောက်ခံမှုများကြောင့် အလွန်ပင် အခက်အခဲ ကြုံတွေ့နေရသည်။ 

ယခုကဲ့သို့ ငွေညှစ်မှုများကြောင့် အချို့သော ဆင်းရဲနွမ်းပါးသူများသည် အိမ်ထောင်ပြုပြီးချိန်မှ သားသမီး ၃ ဦး၊ ၄ ဦး ထွန်းကားလာသည်အထိ ၎င်းတို့၏ အိမ်ထောင်စုလူဦးရေစာရင်းတွင် ဇနီးသည်ကို မတင်နိုင်သေးသည့်အပြင် သားသမီးများကိုပါ မတင်နိုင်တော့ဘဲ နောက်ဆုံးတွင် ကလေးများ အိမ်ထောင်စုလူဦးရေစာရင်းတွင် မတင်နိုင်တော့ဘဲ တရားမဝင် ကလေးများ ဖြစ်သွားကြတော့သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ