ဘူးသီးတောင် ဦးလှဖေမှ တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ၏ အိမ်ခြံဝင်းများထဲရှိ သစ်ပင်ကြီးများကို တပ်ရင်း ၅၅၁ က ခုတ်လှဲနေ
အောင်မင်း Rohingya Today
ဦးလှဖေကျေးရွာတွင် ခုတ်လှဲထားသည့် အပင်များ

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေကျေးရွာအုပ်စုမှ တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသူများ၏ အိမ်ခြံဝင်းထဲရှိ သစ်ပင်ကြီးများကို တပ်ရင်း ၅၅၁ မှ လာရောက် ခုတ်လှဲလျက်ရှိသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ ဖြစ်စဉ်နောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ပြုလုပ်ခဲ့သည့် အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော နယ်မြေရှင်းလင်းရေးဒဏ်ကို မခံနိုင်၍ နေရပ်စွန့်ခွာခဲ့ရပြီး တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြသည့် (၇) သိန်းကျော်သော ရိုဟင်ဂျာများတွင် ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာအုပ်စုရှိ အိမ်ခြေ ၁၀၀ ခန့်မှ မိသားစုများလည်း ပါဝင်သည်။

တပ်ရင်း ၅၅၁ မှ စစ်သားများသည် ဦးလှဖေကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ခေါ်ယူကာ တဖက်နိုင်ငံရောက် ဒုက္ခသည်များ ပိုင်ဆိုင်သော အိမ်ခြံဝင်းများထဲရှိ သစ်ပင်ကြီးများကို လက်ကိုင်လွှစက်များဖြင့် ခုတ်လှဲလျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

လွန်ခဲ့သည့် (၅) ရက်ခန့်မှစ၍ ဦးလှဖေကျေးရွာအုပ်စု၊ ရွာကြီးကျေးရွာ၏ တောင်ဘက်စွန်းမှ စတင်ခုတ်လှဲနေခြင်း ဖြစ်ပြီး၊ ကျန်သည့် အိမ်ခြံဝင်းများရှိ သစ်ပင်များအားလုံးကိုလည်း ခုတ်လှဲသွားမည်ဟု ကြားနေရကြောင်း ဒေသခံများက ဆိုသည်။

ဦးလှဖေကျေးရွာသည် တောင်တန်းဒေသဖြစ်၍ သစ်ပင်ကြီးများ ပေါများသဖြင့် အိမ်ခြံဝင်းများအတွင်းရှိ သရက်ပင်၊ ပိန္နဲပင်၊ ကုက္ကိုပင် စသည့်သစ်ပင်ကြီးများကို အဓိက ခုတ်လှဲနေခြင်းဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ