ဘူးသီးတောင် မိကျောင်းဈေး၌ ဆွဲ၊တင်၊စစ် စစ်ဆေးရေးတွင် မွေးတိုးနှင့် အပြောင်းအရွှေ့များ ပြုလုပ်ပေးရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ငွေအလွန်အကျွံပေးရ
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စု၌ ဆွဲ၊တင်၊စစ် စတင်စစ်ဆေးရာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မွေးတိုးနှင့် လူအပြောင်းအရွှေ့များ ပြုလုပ်ပေးရန် ရွာသားများထံမှ ငွေအလွန်အကျွံ ကောက်ခံလျက်ရှိသည်။

ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် နယ်ခြားစောင့်ရဲ ၂၀ ဦးနှင့် လ.ဝ.က ဝန်ထမ်း ၇ ဦးတို့သည် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မိကျောင်းဈေးကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ဒေသခံရိုဟင်ဂျာများအား ဆွဲ၊တင်၊စစ် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မွေးတိုးစာရင်းသွင်းရန်နှင့် အိမ်ထောင်စုစာရင်း တစ်ခုမှ နောက်တစ်ခုသို့ ပြောင်းရွှေ့ပေးရန် ထောက်ခံသည့်အမှုတွဲ ထုတ်ပေးရန် ငွေအလွန်အကျွံ ကောက်ခံကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

မိကျောင်းဈေးကျေးရွာမှ ရွာသားမြောက်မြားစွာသည် ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ် နောက်ပိုင်းတွင် အသက်အန္တရာယ်မှ လွတ်မြောက်ရန်အတွက် တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန် နေရပ်စွန့်ခွာသွားခဲ့ရာ ယခုအခါ အိမ်ထောင်စု ၁၉၁ စုသာ ကျန်ရှိနေတော့သည်။ 

စစ်ဆေးရေးအဖွဲ့သည် လူအတိုးအလျှော့ ပြုလုပ်ရန်မရှိသည့် မိသားစုများကို အခြားစာရွက်စာတမ်းများ မလိုအပ်ဘဲ စစ်ဆေးပေးပြီး မွေးတိုးစာရင်းတင်သွင်းခြင်း၊ အကျဉ်းထောင်မှ လွတ်လာသူများနှင့် အိမ်ထောင်စုစာရင်းတစ်ခုမှ နောက်တစ်ခုသို့ ပြောင်းရွှေ့ပေးခြင်းတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ ရမှသာ ဆောင်ရွက်ပေးသည်။

ငွေကောက်ခံနေသူသည် မိကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အလွန်ရင်းနှီးသည့် ဆရာဦးမိုဟမ္မဒ်တွာဟဲရ် (ဘ) ဦးအဘူဆယိဒ် (အသက် ၄၅ နှစ်) ဖြစ်ပြီး မွေးတိုး ထောက်ခံသည့် အမှုတွဲတစ်တွဲလျှင် ငွေကျပ် ၁၅၀၀၀/- နှင့် အပြောင်းအရွှေ့ ပြုလုပ်ပေးရန် ထောက်ခံသည့်အမှုတွဲတစ်တွဲလျှင် ငွေကျပ် ၂၅၀၀၀/- မှ ၄၀၀၀၀/- အထိ ကောက်ခံပြီး ပုံစံများ ဖြည့်စွက်ခဆိုကာ ငွေကျပ် ၃၀၀၀/- မှ ၅၀၀၀/- အထိ ထပ်မံပေးရသည်။ 

ပုံစံများကို ကိုယ်တိုင် ဖြည့်စွက်ခွင့်မရှိဘဲ ဦးမိုဟမ္မဒ်တွာဟဲရ်၏ သားကသာ ဖြည့်စွက်ပေးရပြီး တစ်စောင်လျှင် ငွေကျပ် ၃၀၀၀/- မှ ၅၀၀၀/- အထိ ပေးရသည်။

“အုပ်ချုပ်ရေးမှူးက ငါတို့အရင်နှစ်ကလို စစ်ဆေးရေးအဖွဲ့အတွက် ထမင်းစရိတ်နှင့် ဓါတ်ပုံရိုက်ခ ၂၀၀၀/- ကျပ်စီ မကောက်တော့ဘူး။ ဒီနှစ် အခမဲ့စစ်ဆေးခံလို့ရမယ် ဆိုပြီးတော့ အခုက မွေးတိုး၊ အပြောင်းအရွှေ့တွေ အတွက် ဒီလောက် ငွေများများ ကောက်ခံနေတာက အခမဲ့လုပ်ပေးနေတာလား၊ ပြီးတော့ ၂၇ ဦးပါတဲ့ စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့လုံးကို ထမင်းကျွေးနေတာ၊ အဲဒီစရိတ်ကိုလည်း ရွာသားတွေ သက်သာအောင် အလှူရှင်တစ်ဦးက ပေးသွားမယ်လို့ ကတိပေးထားဆိုပြီးလည်း သတင်းတွေ ကြားနေရတယ်” ဟု ရွာသားတစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ