ဘူးသီးတောင် တပ်မင်းချောင်းရှိ တပ်ရင်း ၃၅၂ က အာလူးစိုက်ပျိုးခင်းများတွင် စက်ဖြင့် ရေလောင်းပေးပြီး ငွေအဆမတန် ကောက်ခံနေ
ကျော်စိုး Rohingya Today
တပ်မင်းချောင်းရွာမှ အာလူးစိုက်ခင်း

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရှိ တပ်ရင်း ၃၅၂ က ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် အာလူး စိုက်ပျိုးခင်းများတွင် စက်ဖြင့် ရေလောင်းပေးပြီး အဆမတန် ငွေကောက်ခံနေသည်။ 

ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းကျေးရွာအုပ်စု အခြေစိုက် တပ်ရင်း ၃၅၂ က တပ်မင်းချောင်းရှိ ရိုဟင်ဂျာများ စိုက်ပျိုးထားသည့် အာလူးစိုက်ခင်းများတွင် ၎င်းတို့နှင့် ရင်းနှီးသည့် လူတစ်ဦးကို စေလွှတ်၍ စက်နှစ်လုံးတပ်ဆင်ကာ ရေလောင်းပေးလျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် နှစ်သောင်းစီ ကောက်ခံလျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

တပ်မင်းချောင်း ကျေးရွာအုပ်စုရှိ လယ်ယာမြေများအနက် အာလူးစိုက်ပျိုးသည့် ရိုဟင်ဂျာပိုင် လယ်မြေ ဧက ၃၀ ခန့်နှင့် တပ်ပိုင်လယ်မြေ ဧက ၈၀ ခန့်ရှိကြပြီး တပ်ပိုင်မြေများကို ရိုဟင်ဂျာများက ငှားရမ်း၍ စိုက်ပျိုးကြသည်။ 

တပ်ရင်း ၃၅၂ က တပ်မင်းချောင်းရွာသား ကေဖားယဲသ်အုလ္လာ (ဘ) ဦးမိုဟမ္မဒ်တွာဟဲရ် (အသက် ၂၇ နှစ်) ထံမှ ငွေကျပ် ၁၈၀၀၀၀/- (တစ်သိန်းရှစ်သောင်းကျပ်) ယူ၍ ရိုဟင်ဂျာများပိုင်ဆိုင်သည့် လယ်မြေဧက ၂၀ ခန့်ရှိသည့် နေရာတွင် တစ်ဦးတည်း ရေလောင်းခွင့်ပေးထားပြီး၊ စိုက်ပျိုးသူများက အခြားပုံမှန်ဈေးနှုန်းဖြင့် ရေလောင်းပေးသည့် စက်များဖြင့် ရေလောင်းလျှင် ငွေညှစ်ခြင်းနှင့် စက်သိမ်းခြင်းများ ပြုလုပ်သည်။ 

တပ်မင်းချောင်းနှင့် ကပ်လျက်ရှိသည့် ကျောက်ဖြူတောင်ကျေးရွာအုပ်စုတွင် သာမာန်ရွာသားများက တစ်ဧကလျှင် ငွေကျပ် ၈၀၀၀/- မှ ၁၀၀၀၀/- ခန့်စီယူ၍ စက်ဖြင့် ရေလောင်းပေးလျက်ရှိသည်။ 

ထို့အပြင် တပ်ရင်း ၃၅၂ က ချောင်းမှ ရေသွယ်ယူသုံးစွဲခွင့်ဟုဆိုကာ (သွယ်ယူခြင်းရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ) ရိုဟင်ဂျာပိုင် လယ်မြေများတွင် အာလူစိုက်ပျိုးသူများထံမှ နှစ်စဉ်တစ်ရာသီအတွက် အာလူး ၁၁၄ ပိဿာစီ ကောက်ခံလေ့ရှိပြီး ယခုနှစ်တွင်လည်း ကောက်ခံသွားမည်ဟု လွန်ခဲ့သည့် ၁၀ ရက်ခန့်က တပ်ရင်းမှ ရုံးစာရေး ဦးကျော်ဆွေလင်းက ဒေသခံများကို အသိပေးခဲ့သည်။ 

တပ်ပိုင်လယ်မြေများ ငှားရမ်းစိုက်ပျိုးသူများအနေဖြင့် တစ်ရာသီလျှင် တစ်ဧက ငှားရမ်းခ၊ ရေလောင်းခနှင့် ချောင်းမှ ရေသွယ်ယူသုံးစွဲခွင့် အပါအဝင် စုစုပေါင်း အာလူး ၆၈၄ ပိဿာစီ ပေးရသည်။ 

“အာလူးစိုက်ခင်းတွေမှာ တစ်ရာသီလုံးအတွက် နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ ရေလောင်းရတယ်၊ အခုလို တစ်ကြိမ်အတွက် တစ်ဧကကို ရေလောင်းခ နှစ်သောင်းစီပေးရတယ်၊ နှစ်ဆထက်မက အပိုဆိုရင်လည်း ပေးကိုပေးရတယ်။ ရာသီကုန်ရင်လည်း ဘာမှ အဓိပ္ပာယ်မရှိတဲ့ ချောင်းမှ ရေသွယ်ယူသုံးခွင့်ဆိုပြီး အာလူး ၅ မောင်း (၁၁၄ ပိဿာ) စီပေးရတော့ အခုလို မရပ်မနား အားစိုက် စိုက်ပျိုးပြီး နောက်ဆုံးမှာ အကျိုးအမြတ်မရဘဲ ပင်ပန်းခံရတာပဲ အဖတ်တင်တယ်” တပ်မင်းချောင်းမှ ရွာသားတစ်ဦး ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ