မောင်တောမြို့တွင် အစိုးရ စီမံချက်ဖြင့် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် မီတာများ တပ်ဆင်ပေးနေသော်လည်း ငွေကြေး မြောက်မြားစွာ သုံးမှ တပ်ဆင်ခွင့်ရ
မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မဟာဓါတ်အားလိုင်း စီမံကိန်းဖြင့် ၂၄ နာရီ မီးရရှိစေရန် အကောင်အထည်ဖော်လျက်ရှိသော်လည်း မီတာရရှိရေးအတွက် ငွေကြေး မြောက်မြားစွာ ကုန်ကျလျက်ရှိသည်။ 

မောင်တောမြို့နယ်တွင် မဟာဓါတ်အားလိုင်း စီမံကိန်းဖြင့် ၂၄ နာရီ မီးရရှိစေရန် ဓါတ်တိုင်များ စိုက်ထူလျက်ရှိရာ ယခင်ရှိခဲ့သည့် ဓါတ်တိုင်မှာ ကိုက် ၁၀၀ အကွာအဝေးရှိ မီတာဘောက် ပိုင်ရှင်က ဓါတ်တိုင် အသစ်စိုက်ထူရန်အတွက် ငွေကျပ် ၅ သိန်း ပေးရကြောင်း ဒေသခံများက Rohingya Today သို့ ပြောပါသည်။ 

“မြို့မတောင်ရပ်ကွက် ဥက္ကဌဟောင်း ဦးဘော်ရှော်ရ်တို့ရဲ့ ဝန်းကျင်မှာ ဓါတ်တိုင် ၅ တိုင်အတွက် ၂၅ သိန်း၊ ဖေဇီရွာ အနောက်တောင်ဘက် ဝန်းကျင်ကနေ ငွေကျပ် သိန်း ၆၀ ကောက်ပြီးပြီ။ အခြားရပ်ကွက်တွေမှာလည်း အလားတူ ကောက်နေတုန်းပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်နေသော စီမံကိန်းတွင် အောက်ခြေဝန်ထမ်းများက ဓါတ်တိုင်စိုက်ထူရန် ငွေကောက်ခံ၍ ငွေရှာနေခြင်းဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။ 

မီတာဘောက်များကို အစိုးရဈေးနှုန်း ငွေကျပ် ၇၅၀၀၀/- (ခုနှစ်သောင်းငါးထောင်ကျပ်) သတ်မှတ်ထားသော်လည်း ငွေကျပ် ငါးသောင်း လာဘ်ငွေပေးနိုင်သူများကိုသာ ရွေးချယ်၍ တပ်ဆင်ပေးလျက်ရှိပြီး၊ သာမာန်လျှောက်ထားသူများကို ယခုအချိန် တပ်ဆင်ပေးခြင်း မရှိသေးကြောင်း သိရသည်။

မီတာဘောက် တပ်ဆင်ရာတွင် တပ်ဆင်ခ ငွေကျပ် ၂၅၀၀၀/-၊ ရုံးအတွက် ရန်ပုံငွေ တစ်သောင်းကျပ်၊ မီတာဘောက် အခွံအတွက် ငွေကျပ် ၂၅၀၀၀/- တို့အပြင် ဝါယာကြိုးများကိုလည်း ပြင်ပပေါက်ဈေးထက် ဈေးပိုပေး၍ ဝယ်ယူနေရသည်ဟု ဒေသခံများက ပြောပါသည်။ 

“နိုင်ငံတော်အစိုးရက ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် စီမံချက်နဲ့ အကောင်အထည်ဖော်နေတာကို အောက်ခြေဝန်ထမ်းတွေက အခွင့်ကောင်းယူပြီး မတရားသဖြင့် ငွေရှာနေတယ်။ ဒါမျိုးတွေကို အစိုးရက ထိထိရောက်ရောက် အရေးယူပေးဖို့ ဒေသခံတွေ အားလုံးကိုယ်စား တောင်းဆိုပါတယ်” ဟု မြို့ခံ နောက်တစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ