မောင်တော မြို့မအရှေ့ရပ်ကွက်ရှိ အသိုင်းအဝိုင်းနှစ်ခုကြား တည်ငြိမ်မှု ပျက်ပြားအောင် ဒေသခံတစ်ဦးက ရည်ရွယ်ရှိရှိ လုပ်ဆောင်နေ
မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက် ဗဟိုကျောင်းတိုက်တောင်ဘက်တွင် တည်ရှိသော အသိုင်းအဝိုင်းနှစ်ခုကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဒေသခံရခိုင်မိသားစုတစ်စုက ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်လျက်ရှိသည်။

မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက် ဗဟိုကျောင်းတိုက် တောင်ဘက်တွင် တည်ရှိသော ရခိုင်ရွာသည် ရိုဟင်ဂျာရွာနှင့် ကပ်လျက် တည်ရှိပြီး၊ ယင်းရွာမှ ကြက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးမောင်ဖြူနှင့် ၎င်း၏ သားဖြစ်သူတို့သည် ၂၀၁၂ ခုနှစ် ပဋိပက္ခကာလတွင် အနီးတစ်ဝိုက်ရှိ ရိုဟင်ဂျာနေအိမမ်များကို မီးရှို့ခြင်း၊ လုယက်ခြင်းများကို အဓိက လုပ်ဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ 

၂၀၁၂ ခုနှစ် ပဋိပက္ခကာလအတွင်းတွင် ရခိုင်အိမ်များနှင့် ကပ်လျက်ရှိသည့် ရိုဟင်ဂျာများသည် ရိုဟင်ဂျာရွာများသို့ ထွက်ပြေး၍ ယာယီခိုလှုံခဲ့သည်။ ထိုကာလအတွင်းတွင် ဦးမောင်ဖြူသည် ၎င်း၏ အိမ်နှင့် ကပ်လျက်ရှိသည့် ဦးအဘူယျာ (အသက် ၂၇ နှစ်) ၏ အိမ်ခြံဝင်းအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်၍ အိမ်ဆောက် နေထိုင်ခဲ့သည်။ အိမ်ရှင်ဖြစ်သူက အကြိမ်ကြိမ် ကန့်ကွက်ခဲ့သော်လည်း အမျိုးမျိုး ခြိမ်းခြောက်နေသောကြောင့် ၆ နှစ်ကျော်ကြာသွားသော်လည်း ယခုအချိန်ထိ ဝင်ရောက်၍ နေထိုင်နိုင်ခြင်း မရှိသေးကြောင်း ရွာသားတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

ဦးမောင်ဖြူ၏ မျက်နှာချင်းဆိုင်ဘက်ခြမ်းတွင် ရှိသည့် မော်လဝီဟိုင်ဘီအုလ္လာ (အသက် ၅၄ နှစ်) ၏ အိမ်ခြံရှိပြီး၊ ယင်းခြံဝင်းကို မော်လဝီဟိုင်ဘီအုလ္လာက ၂၀၁၂ ခုနှစ်မှစ၍ ခြံစည်းရိုးကာနိုင်ခဲ့ခြင်း မရှိသောကြောင့် ယခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ငွေကျပ် ၃၂၀၀၀၀/- (သုံးသိန်းနှစ်သောင်း) ပေး၍ ခြံစည်းရိုးကာရံရန် ခွင့်ပြုမိန့်ရယူခဲ့သည်။ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် မော်လဝီဟိုင်ဘီအုလ္လာသည် အိမ်ခြံစည်းရိုးကာနေစဉ် ဦးမောင်ဖြူနှင့် သားများ ရောက်ရှိလာပြီး နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ခြံစည်းရိုးကာရံခွင့် မပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ရခိုင်ရွာနှင့် ရိုဟင်ဂျာရွာတို့ ကပ်လျက်ရှိသော်လည်း မိသားစုများသဖွယ် ရင်းနှီးခင်မင်စွာ နေထိုင်နေသည့် ရွာများဖြစ်ကြပြီး၊ ဦးမောင်ဖြူနှင့် သားများ၏ လုပ်ရပ်များသည် အသိုင်းအဝိုင်းနှစ်ခုကြား တည်ငြိမ်မှု ပျက်ပြားအောင် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဒေသခံများကဆိုသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ