မောင်တော ရေတွင်းပြင်ရွာမှ ရိုဟင်ဂျာများကို အနီးအနားရှိ ရခိုင်ရွာများမှ သတ်ဖြတ်မည်ဟု ပြောဆိုမှုကြောင့် ရွာအပြင်မထွက်နိုင်ဘဲ အခက်အခဲကြုံတွေ့နေရ
ရန်နိုင် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင်ရွာရှိ ရိုဟင်ဂျာများကို အနီးအနားရှိ ရခိုင်ရွာများက သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ပြောဆိုမှုများကြောင့် ရွာအပြင်သို့ မထွက်နိုင်တော့ဘဲ အခက်အခဲပေါင်းစုံ ကြုံတွေ့နေရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ (၁၇) ရက်နေ့ တစ်ရက်အတွက် တိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့ပြီး မာရမာကြီး နှစ်ဦး ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သော်လည်း ရခိုင်လူမျိုး နှစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့၏ ရုပ်အလောင်းများ တွေ့ရှိခဲ့သည်။ 

တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာ၏ အနီးအနားတွင် ရခိုင်ကျေးရွာများသာရှိကြပြီး ရိုဟင်ဂျာကျေးရွာများ မရှိသော်လည်း အခင်းဖြစ်ရာနှင့် ၈ မိုင်ခန့် ကွာဝေးသည့် ရေတွင်းပြင်ကျေးရွာမှ ရိုဟင်ဂျာများက ပြုလုပ်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲပြောဆိုကာ လောင်းဒုံမှ ကျောင်းဆရာမတစ်ဦး၏ ခင်ပွန်းက ဦးဆောင်၍ ပြူးမ၊ ငါးခူရ၊ ကံပြင်၊ ငါးခူရရွာသစ်၊ ကြိမ်ချောင်း၊ လောင်းဒုံ၊ မင်းကြီး စသည့်အနီးအနားရှိ ရခိုင်ကျေးရွာများမှ ရခိုင်ရွာသားများကို စည်းရုံး၍ ရာနှင့်ချီရှိသည့် ရခိုင်လူမျိုးအုပ်စုတစ်စုက ဒီဇင်ဘာလ (၁၈) ရက်နေ့ နေ့လည် ၃း၃၀ နာရီခန့်အချိန်တွင် ရေတွင်းပြင်ကျေးရွာအုပ်စုရှိ ရိုဟင်ဂျာများကို တိုက်ခိုက်ရန် လာနေစဉ် ဇီးပင်ချောင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ ခွင့်မပြုခဲ့သဖြင့် လှည့်ပြန်သွားခဲ့ရသည်။ 

ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အထက်ပြူးမရွာတွင် ဒေသခံ ၄ ဦး တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာလ (၂၀) ရက်နေ့ မွန်းလွှဲ ၁ နာရီခန့်အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ် အင်အား ၁၅၀ ဝန်းကျင် ရေတွင်းပြင်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာကို ဝန်းရံကာ အသက် ၃၀ နှစ်ခန့် အရွယ် ငွေကြေး ချမ်းသာသည့် ဦးမိုဟာမတ်အလီ၏ နေအိမ်ကို ပစ်မှတ်ထား၍ စစ်ဆေးခဲ့သည်။ စစ်ဆေးသူများက ဦးမိုဟာမတ်အလီကို မတွေ့သဖြင့် အိမ်တွင် ရှာဖွေတွေ့ရှိသည့် ရွှေ၊ ငွေများနှင့်အတူ ၎င်း၏ ဇနီး၊ သားနှစ်ဦးနှင့် ဇနီး၏ မောင်ဖြစ်သူ လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ရိုဟင်ဂျာကျေးရွာ မြောက်မြားစွာရှိခဲ့သော်လည်း ယခုအခါ ဆယ်ဂဏန်းခန့် ရွာများတွင် ရိုဟင်ဂျာအနည်းငယ်စီ ကျန်ရှိနေပြီး၊ ကျေးရွာအများစုမှ ဒေသခံရိုဟင်ဂျာများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ်များ နောက်ပိုင်း မြန်မာစစ်တပ် အင်အား အလွန်အကျွံသုံး၍ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းများကြောင့် ခုနှစ်သိန်းခွဲခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြရသည်။ 

ယခုအခါ ရေတွင်းပြင်ရွာ၏ အနီးအနားရှိ ရခိုင်ကျေးရွာများမှ ရခိုင်ရွာသားများက “ရေတွင်းပြင်ရွာသားတွေကို တွေ့ရင် သတ်ပစ်ရမယ်” ဟု အချင်းချင်းကြား ပြောဆိုမှုများ ရှိနေသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့က ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်သည့် ရိုဟင်ဂျာများကို သတိဝီရိယနှင့် နေရန် ပြောဆိုသတိပေးထားသည်။ 

“အခုလို ကြားနေရတာတွေကြောင့် ကျွန်တော်တို့ ရွာအပြင် မထွက်နိုင်တော့ဘူး။ ကျန်းမာရေးပိုင်းမှာ ကိုယ်ဝန်ဆောင်တွေ မီးဖွားဖို့၊ ဆေးခန်းပုံမှန် ပြရမယ့်သူတွေ မပြနိုင်တာ စတာတွေနဲ့ စားသောက်ဖို့ ဈေးဝယ်တာတွေပါ တော်တော်လေး အခက်အခဲ ဖြစ်နေတယ်။ ရွာထဲကနေ ရွာပြင်မထွက်နိုင်တော့ဘူးဆိုရင် အခက်အခဲတွေကတော့ ပြောလို့မကုန်အောင် ကြုံတွေ့ရတယ်” ဟု ရေတွင်းပြင်ရွာသားတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင်ရွာမှ မြို့ပေါ်သို့သွားရန် ပြူးမ၊ ငါးခူရ၊ လောင်းဒုံ၊ ဖားဝပ်ချောင်း၊ အောင်မင်္ဂလာ၊ မောင်နှမ၊ သီဟိုဠ်ကျွန်း စသည့် ရခိုင်ရွာများကို ဖြတ်သန်း၍ သွားရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ