ဘူးသီးတောင် တပ်ရင်း ၅၅၁ မှ ဒုတပ်ကြပ်တစ်ဦးနှင့် လက်ကိုင်တုတ်များ ပူးပေါင်း၍ ဝါး၊ သစ်သား ရောင်းချသည့် ရိုဟင်ဂျာများထံမှ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၅၅၁) တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးသည် ၎င်း၏ လက်ကိုင်တုတ်တစ်ဦးနှင့် ပူးပေါင်း၍ ဝါးနှင့် သစ်သားများ ရောင်းချနေသည့် ရိုဟင်ဂျာများကို ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာအုပ်စုမှ ဝါးလုပ်ငန်းရှင် ဦးဖိုးခင် (ဘ) ဦးအီလီယာစ် (အသက် ၄၅ နှစ်) သည် တပ်ရင်း ၅၅၁ ၏ လက်ကိုင်တုတ်ဖြစ်ပြီး၊ ဒီဇင်ဘာလ (၂၃) ရက်နေ့က ဝါးခုတ်သမား ခေါင်းဆောင် ဦးမိုဟမ္မဒ်အာမီးန် (ဘ) ဦးဟာဖီးဇ်အဟ်မဒ် (အသက် ၃၀ နှစ်) နှင့် ပူးပေါင်း၍ လုပ်ငန်းလုပ်နေသည့် ဝါးလုပ်ငန်းရှင် ဦးရော်ဖိတ် (ဘ) ဦးအာမီရ်အလီ (အသက် ၃၀ နှစ်) ကို ခေါ်ဆောင်၍ တပ်ရင်းမှူးအမည်ကို အသုံးပြုကာ ၎င်းကဲ့သို့ ဝါးရောင်းကိုယ်စားလှယ် လစဉ်ကြေး သွင်းရမည်၊ မသွင်းပါက အရေးယူခံရမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

ထို့အပြင် တပ်ရင်း ၅၅၁ မှ ဒုတပ်ကြပ်ဝင်းလှသည် ၎င်း၏ အခြားလက်ကိုင်တုတ်များ ဖြစ်ကြသည့် ဖုံညိုလိပ်ကျေးရွာအုပ်စုမှ အီမာန်ဟူစိန်း (ဘ) ဦးအာယုဘ်အလီနှင့် နူရ်အာလောမ် (ဘ) ဦးရရှိဒ်အဟ်မဒ် တို့နှင့် ပူးပေါင်း၍ ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာမှ လက်ခွဲသစ်ရောင်းချသူ ဦးအစ္စမိုင်လ် (ဘ) ဦးနော်ဇူမျာ (အသက် ၃၀ နှစ်) ကို ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 

ဦးဖိုးခင် ဆိုသူသည် ဝါးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး နေ့စဉ်ဆိုသလို အခြားဝါးရောင်းချသူများကို အမျိုးမျိုး စွပ်စွဲခြင်း၊ ဆဲဆိုခြင်း၊ နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ