မောင်တော လိပ်ရတွင် ရိုဟင်ဂျာ ငါးဖမ်းသမားတစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ပစ်သတ်
မင်းနိုင်ဦး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လိပ်ရကျေးရွာအုပ်စုတွင် ရိုဟင်ဂျာ ငါးဖမ်းသမားတစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ပစ်သတ်ခဲ့သည်။ 

မောင်တောမြို့နယ် လိပ်ရကျေးရွာအုပ်စုမှ ဦးနူရ်အစ္စလာမ် (ဘ) ဦးအလီဟူစိန်း (အသက် ၅၈ နှစ်) သည် လိပ်ရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းအနီးရှိ ချောင်းဝ၌ အခြား ရိုဟင်ဂျာကလေးငယ် ၃ ဦးနှင့် အတူ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁း၃၀ နာရီခန့် အချိန်တွင် ငါးဖမ်းနေစဉ် ကလေးငယ်တစ်ဦး ရေနစ်မြှပ်နေ၍ အချင်းချင်း အော်ဟစ် အကူအညီတောင်းခံသည်ကို နယ်ခြားစောင့်ရဲများက ကြားပြီး၊ ကင်းစခန်းမှ ရဲအုပ်နှင့် တပ်သားအချို့ ထွက်လာကာ သေနတ်ဖြင့် ဆက်တိုက် ပစ်ခတ်သဖြင့် ဦးနူရ်အစ္စလာမ်က “ဗိုလ်လေး ကျွန်တော်တို့ပါ” ဟု အကြိမ်ကြိမ် အော်ဟစ် ပြောဆိုခဲ့သော်လည်း မရပ်တန့်ဘဲ ဆက်တိုက် ပစ်ခတ်မှုကြောင့် ယင်းနေရာတွင် ဦးနူရ်အစ္စလာမ် ကျည်ဆံထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

ထို့နောက် ကလေးငယ် ၃ ဦးထဲမှ ၂ ဦးကို ဦးနူရ်အစ္စလာမ်၏ ရုပ်အလောင်းနှင့် အတူ ကြိမ်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ ယူဆောင်သွားပြီး၊ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် အလောင်းကို မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ပြီး ညနေ ၅ နာရီခန့်အချိန်တွင် မိသားစုထံသို့ အပ်နှံခဲ့သည်။ မိသားစုဝင်များက ဦးနူရ်အစ္စလာမ်၏ ရုပ်အလောင်းကို ည ၈း၃၀ နာရီအချိန်တွင် မြေမြှပ်သဂြိုဟ်ခဲ့ကြောင်း လိပ်ရရွာသားတစ်ဦးက ပြောပါသည်။ 

ဦးနူရ်အစ္စလာမ်သည် လိပ်ရရှိ ကင်းစခန်းကို သတင်းပို့၍ ခွင့်ပြုချက်ယူကာ မကြာခဏ ငါးရှာလေ့ရှိပြီး ပစ်ခတ်ခံရသည့် အချိန်မတိုင်မီ သတင်းပို့ပြီး ခွင့်ပြုချက်ရယူပြီးနောက် ချောင်းထဲသို့ ဆင်း၍ ငါးရှာနေစဉ် တစ်နာရီခန့်အကြာတွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

လိပ်ရတွင် ငါးဖမ်းသူများသည် ငါးဖမ်းခွင့်ရရှိရေးအတွက် ကင်းစခန်းအား ငွေကြေးများ ပေးရသည့်အပြင် ဖမ်းဆီးရရှိသည့် ငါးများထဲမှ နယ်ခြားစောင့်ရဲများ ကြိုက်သည့် ငါးများကို ပေးရကြောင်း ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ