မောင်တော မြို့ပေါ်ရှိ ဈေးဆိုင်ခန်းပိုင်ရှင်များကို မီးသတ်တပ်ဖွဲ့က မီးသတ်ဂက်စ်ဗူးများ အဆမတန်ဈေးနှုန်းဖြင့် မဝယ်မနေရ ရောင်းချနေ
မင်းနိုင်ဦး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် မဝယ်မနေရ ရောင်းချလျက်ရှိသည်။

မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မောင်တောမြို့ပေါ်ရှိ ဈေးဆိုင်ခန်းတိုင်းသို့ သွားရောက်၍ တစ်ဆိုင်လျှင် မီးသတ်ဆေးဗူးတစ်ဗူးစီ မဖြစ်မနေ တပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဆေးဗူး တစ်ဗူးလျှင် ငွေကျပ် လေးသောင်းမှ ငါးသောင်း အထိ ကောက်ခံ၍ မဝယ်မနေရ အတင်းအဓမ္မ ရောင်းချနေကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

Fire Extinguisher

မောင်တောမြို့ပေါ် အနီးတဝိုက်တွင် ဈေးဆိုင်ခန်း ၁၅၀၀ ကျော်ခန့်ရှိပြီး အဆိုပါ ဆိုင်ခန်းများသည် ယခင်က အရောင်းအဝယ် အဆင်ပြေခဲ့သော်လည်း ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နောက်ပိုင်းတွင် ရောင်းဝယ်ဖောက်ကားမှု လျော့နည်းလာသည့်အပြင် ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ်များကြောင့် မောင်တောမြို့မှ လူဦးရေ ၈၀% ကျော် တဖက်နိုင်ငံသို့ သွားရောက်ခိုလှုံနေရသဖြင့် ရောင်းဝယ်ဖောက်ကားမှု သိသိသာသာ ကျဆင်းသွားသည်။ 

ယခု မီးသတ်တပ်ဖွဲ့က ဈေးဆိုင်ပိုင်ရှင်များကို မီးသတ်ဆေးဗူးများ မရှိမဖြစ်ဆောင်ထားရမည်၊ မဆောင်ထားလျှင် တရားဥပဒေအရ အရေးယူခြင်းခံရမည်ဟုဆိုကာ ဆိုင်ရှင်များကို စီးပွားရေးအဆင်မပြေသည့်ကြားက မဝယ်မနေရ အတင်းဝယ်ခိုင်း၍ တစ်ဆိုင်လျှင် ငွေကျပ် လေးသောင်းမှ ငါးသောင်းအထိ အတင်းအဓမ္မ ကောက်ခံနေခြင်းသည် ဆိုင်ရှင်များအတွက် အလွန်တရာ နစ်နာဆုံးရှုံးစေသည်။

မီးသတ်တပ်ဖွဲ့က ငွေကျပ် လေးသောင်းမှ ငါးသောင်းဖြင့် အတင်းအဓမ္မ ရောင်းချ၍ တပ်ဆင်ခိုင်းနေသည့် 3KG မီးသတ်ဆေးဗူးတစ်ဗူး၏ ပြင်ပပေါက်ဈေးမှာ ငွေကျပ် ၁၆၀၀၀ မှ ၁၇၀၀၀ လောက်သာရှိသည်။ ဈေးဆိုင်ပိုင်ရှင်များက မိမိတို့၏ အစီအစဉ်ဖြင့် ပြင်ပဈေးကွက်မှ ဝယ်ယူ၍ တပ်ဆင်မည်ဟု ပြောဆိုသော်လည်း မီးသတ်တပ်ဖွဲ့ဝင်များက အပြင်မှ ဝယ်ယူ၍ တပ်ဆင်ခွင့် မရှိကြောင်း၊ ၎င်းတို့ထံမှ ဝယ်ယူတပ်ဆင်ရမည်ဟု ပြောဆိုကာ ဈေးကြီးကြီးဖြင့် ၎င်းတို့ထံမှ အတင်းအဓမ္မ ဝယ်ယူခိုင်းသည်ဟု ဈေးဆိုင်ပိုင်ရှင်များက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ