မောင်တောမြောက်ပိုင်း ရေတွင်းပြင်ရွာမှ မိသားစုတစ်စုကို နယ်မြေရှင်းလင်းရေးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင်ကျေးရွာမှ မိသားစုတစ်စုကို နယ်မြေရှင်းလင်းရေးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်။

ယနေ့ ဒီဇင်ဘာလ (၂၀) ရက်နေ့ မွှန်းလွှဲ ၁ နာရီခန့်အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ် အင်အား ၁၅၀ ဝန်းကျင်သည် ရေတွင်းပြင်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာကို ဝန်းရံကာ အသက် ၃၀ နှစ်ခန့် အရွယ် ဦးမိုဟာမတ်အလီ၏ နေအိမ်ကို ပစ်မှတ်ထား၍ စစ်ဆေးခဲ့သည်။ စစ်ဆေးသူများက ဦးမိုဟာမတ်အလီကို မတွေ့သဖြင့် ၎င်း၏ ဇနီး၊ သားနှစ်ဦးနှင့် ဇနီး၏ မောင်ဖြစ်သူတို့ လေးဦး ဖမ်းဆီးခေါ်ဆောင်သွားသည်။ 

စစ်ဆေးရေးအဖွဲ့သည် ဦးစွာ ကျေးရွာသားများကို အိမ်ထောင်စုစာရင်းနှင့်တကွ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ခိုင်းပြီး လူအပို ရှိ/မရှိ စစ်ဆေးခဲ့သည်။ ထို့နောက် ဦးမိုဟာမတ်အလီ၏ နေအိမ်သို့ သွားရောက်၍ နေအိမ်အနှံ့ကို အသေးစိတ်ရှာဖွေခဲ့သည်။ ၎င်း၏ နေအိမ်တွင် ဥပဒေနှင့် မလွတ်ကင်းသည့် တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခဲ့သေ်ာလည်း နေအိမ်တွင် တွေ့ရှိသည့် ရွှေငွေများကို သိမ်းယူသွားခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ ဦးမိုဟာမတ်အလီသည် ယင်းရွာတွင် ငွေကြေး အဆင်ပြေနေသူတစ်ဦး ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

မောင်တောမြောက်ပိုင်းတွင် ရိုဟင်ဂျာကျေးရွာပေါင်း ရာဂဏန်းမက ရှိခဲ့သော်လည်း ယခုအခါ ဆယ်ဂဏန်းခန့် ရွာများတွင် ရိုဟင်ဂျာအနည်းငယ်စီ နေထိုင်လျက်ရှိပြီး ကျန်ကျေးရွာများမှ ဒေသခံရိုဟင်ဂျာများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ်များနောက်ပိုင်း မြန်မာစစ်တပ်က အင်အားအလွန်အကျွံသုံး၍ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းများကြောင့် ခုနှစ်သိန်းခွဲခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြသည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့ ပူးပေါင်း၍ ပြုလုပ်နေသည့် နယ်မြေရှင်းလင်းရေးသည် လွန်ခဲ့သည့် ၃ ရက်က ကြိမ်ချောင်းရွာအနီး ပြူးမချောင်းတွင် မာရမာကြီး အမျိုးသားနှစ်ဦး တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်နေသည်ဟု ယူဆရသည်။ သို့သော်လည်း အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်တွင် ရိုဟင်ဂျာများ ပါဝင် ပတ်သက်စရာ မရှိကြောင်းကို အောက်ပါ အချက်အလက်များနှင့် တိုက်ဆိုင်ကြည့်ရန် လိုပေမည်။

(၁) မာရမာကြီးနှစ်ဦး တိုက်ခိုက်ခံရမှုသည် ကြိမ်ချောင်းရွာအနီး ပြူးမချောင်းတွင်ဖြစ်သည်။ ယင်းကျေးရွာ အနီးအနားတွင် ရခိုင်ကျေးရွာများသာ ရှိကြပြီး ရိုဟင်ဂျာကျေးရွာများ မရှိကြပေ။ ယနေ့ နယ်မြေရှင်းလင်းရေးအဖွဲ့ လာရောက် စစ်ဆေးသွားသည့် ရေတွင်းပြင်ကျေးရွာသည် မာရမာကြီးနှစ်ဦး တိုက်ခိုက်ခံရသည့် နေရာနှင့် ၈ မိုင်ခန့် ကွာဝေးသည်။ 

(၂) ရခိုင့်တပ်မတော် (AA) နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေချိန်မှစ၍ မြန်မာတပ်မတော်လုံခြုံရေးအဖွဲ့သည် ပြူးမချောင်းအနီးအနားရှိ ရခိုင်ကျေးရွာများနားတွင် လုံခြုံရေးနေရာယူထားပြီး မာရမာကြီးနှစ်ဦး တိုက်ခိုက်ခံရသည့် ပြူးမချောင်း၏ အနီးစပ်ဆုံးရွာ မြောချောင်းတွင်လည်း စစ်တပ်က စခန်းချထားသည်။ ထို့အပြင် ပြူးမချောင်း၏ အဝင်ဝတွင်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းရှိသည်။ 

(၃) မောင်တောဒေသသည် WY တံဆိပ်ပါ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး အဓိကဒေသတစ်ခုဖြစ်နေပြီး အများအားဖြင့် ဒေသခံရခိုင်များက အာဏာပိုင်များနှင့် ပူးပေါင်း၍ တဖက်နိုင်ငံသို့ တင်ပို့သည်။ ပြူးမချောင်းသည် ကြိမ်ချောင်းအပါအဝင် အနီးအနားကျေးရွာများမှ ရခိုင်များအတွက် WY တံဆိပ်ပါ မူးယစ်ဆေးဝါးကို တဖက်နိုင်ငံသို့ မှောင်ခိုသယ်ယူပို့ဆောင်ရာ လမ်းကြောင်းဖြစ်သည်။ 

(၄) မောင်တောဒေသတွင် ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည်။ ရိုဟင်ဂျာများသည် နေဝင်သည့် အချိန်မှစ၍ နေထွက်သည့်အချိန်ထိ ၎င်းတို့၏ နေအိမ်မှ အပြင်သို့ ထွက်ခွာခွင့် မရှိပေ။

ယခုအခါ မာရမာကြီးနှစ်ဦး တိုက်ခိုက်ခံရသည်ကို အကြောင်းပြု၍ ဒေသဆိုင်ရာအာဏာပိုင်များက လက်ကျန် ကျန်ရှိနေသည့် ရိုဟင်ဂျာကျေးရွာ အနည်းငယ်ကို ပစ်မှတ်ထား၍ အင်အားအလွန်အကျွံသုံး၍ နယ်မြေရှင်းလင်းမည်ဆိုပါက လက်ကျန်ရိုဟင်ဂျာများလည်း တဖက်နိုင်ငံသို့ ထွက်ပြေးရမည့်အရေးနှင့် ကြုံတွေ့ရနိုင်သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ