ဘူးသီးတောင်တွင် ရခိုင်လူမျိုးအုပ်ချုပ်ရေးမှူးများက ရိုဟင်ဂျာများကို ထောက်ပံ့ပစ္စည်းများ ထုတ်မပေးဘဲ ရောင်းစားခြင်း၊ ထောက်ခံစာများအတွက် ငွေကြေးအလွန်အကျွံ ကောက်ခံခြင်းများ ပြုလုပ်နေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရခိုင်လူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ရွာသားများအတွက် ရရှိသည့် ထောက်ပံ့ပစ္စည်းများကို ရိုဟင်ဂျာများအား ထုတ်မပေးဘဲ ရောင်းစားခြင်း၊ ထောက်ခံစာများ ထုတ်ပေးရာတွင် ငွေကြေးအလွန်အကျွံကောက်ခံခြင်းနှင့် ၎င်းတို့နှင့် မတည့်သူများကို လုံး၀ ထုတ်မပေးခြင်းများ ပြုလုပ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်၌ လက်ရှိ ကျေးရွာအုပ်စုပေါင်း ၈၀ စုရှိသည့်အနက် မွတ်စလင်နှင့် အခြားဘာသာဝင် ရောနှော နေထိုင်သည့် အုပ်စု ၄၆ စု၊ ဗုဒ္ဓဘာသာဝင် မပါသည့် အုပ်စု ၁၆ စု ဖြစ်ပြီး ကျန်သည့် အုပ်စုများမှာ ဗုဒ္ဓဘာသာဝင် သီးသန့်အုပ်စုများ ဖြစ်ကြသည်။ 

ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ဗုဒ္ဓဘာသာဝင် မပါသည့် အုပ်စုများတွင် ရိုဟင်ဂျာကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဗုဒ္ဓဘာသာဝင် သီးသန့်အုပ်စုများတွင် ဗုဒ္ဓဘာသာဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများ အသီးသီး ခန့်အပ်ထားပြီး ရောနှောနေထိုင်သည့် အုပ်စုများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ ခန့်အပ်ရာတွင် ရိုဟင်ဂျာ ၉၀% ကျော်နေထိုင်သည့် လူများစုဘက်မှ မခန့်အပ်ဘဲ ၅% မှ ၁၀% ခန့်သာ ရှိကြသည့် ဗုဒ္ဓဘာသာဝင်များဘက်မှ ခန့်အပ်ထားသည်။ 

ဥပမာအားဖြင့် ကျောက်ဖြူသားသေကံကျေးရွာအုပ်စုတွင် ရခိုင်အိမ်ခြေ ၅ အိမ်သာရှိပြီး၊ ရိုဟင်ဂျာအိမ်ခြေ ၅၅၀ ကျော်ရှိသော်လည်း ရခိုင်လူမျိုး အုပ်ချုပ်ရေးမှူးသာ ခန့်အပ်ထားသည်။ 

ရောနှောနေထိုင်သည့် ကျေးရွာများတွင် ကျေးရွာတာဝန်ခံအဖြစ် ရိုဟင်ဂျာများဘက်မှ တစ်ဦးစီကို ရွေးကောက်တင်မြှောက်ပြီး တရားဝင် တာဝန်ပေးအပ်ထားသော်လည်း ဗုဒ္ဓဘာသာဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများက လုပ်ပိုင်ခွင့်မပေးဘဲ ဆယ်အိမ်မှူးများအဖြစ်သာ ဆက်ဆံကြသည်။ 

ဗုဒ္ဓဘာသာဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ရိုဟင်ဂျာများထံမှ ရွာထွက်လက်မှတ်တစ်စောင်လျှင် ၁၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ထိ နှင့် ဆောက်လုပ်ခွင့်ထောက်ခံစာ၊ အလုပ်လျှောက်ထောက်ခံစာ၊ မွေးစာရင်း၊ အပြောင်းအရွှေ့ပြုလုပ်ရန် ထောက်ခံစာ စသည့် ထောက်ခံစာတစ်စောင်လျှင် ၁၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်အထိ ညှစ်ယူနေသည့်အပြင် ၎င်းတို့နှင့် မတည့်သူများကို လုံးဝ ထုတ်ပေးလေ့ မရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဒီဇင်ဘာလ (၁၂) ရက်နေ့က ကျောက်ဖြူသားသေကံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကေထွန်းသည် ရိုဟင်ဂျာ နို့တိုက်မိခင်များ၌ ထောက်ပံ့ငွေများ ထုတ်ယူရန် မွေးစာရင်း လိုအပ်နေခြင်းကို အခွင့်ကောင်းယူ၍ တစ်ဦးလျှင် ငွေကျပ်တစ်သောင်းစီ ကောက်ခံ၍ မွေးစာရင်းများ ထုတ်ပေးခဲ့ကြောင်း ရွာသားတစ်ဦးက ပြောပါသည်။ 

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်ချုပ်ရေးမှူး လစာအဖြစ် တစ်လ ၁၃၀၀၀၀ ကျပ်စီ ထုတ်ပေးသော်လည်း ရိုဟင်ဂျာအုပ်ချုပ်ရေးမှူးများအား နိုင်ငံသားမဟုတ်ဟု ဆိုကာ မပေးဘဲ ဗုဒ္ဓဘာသာဝင် အုပ်ချုပ်ရေးမှူးများကိုသာ လစာ ထုတ်ပေးသည်။ 

တာဝန်ခံအဖြစ် ခန့်အပ်ထားသည့် ရိုဟင်ဂျာများသည် ရိုဟင်ဂျာ အိမ်ခြေ အနည်းဆုံး ၄ဝဝ မှ ၁၈၀၀ ထိကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်နေသော်လည်း ၎င်းတို့ကို လစာပေးခြင်း မရှိသည့်အပြင် ယခင်က ပေးခဲ့သည့် တံဆိပ်တုံးများကိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြန်လည် သိမ်းယူလိုက်ကြောင်း ဒေသခံများက ပြောပါသည်။ 

နိုဝင်ဘာ လကုန်ပိုင်းတွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ဘူးသီးတောင်မြို့နယ်ရှိ ဆောင်းသီးနှံစိုက်ပျိုးထားသော တောင်သူလယ်သမားများကို ကူညီထောက်ပံ့ရန် တစ်ဦးလျှင် မြေသြဇာ ၂၀ ကီလိုစီ ထုတ်ပေးခဲ့သော်လည်း ရိုဟင်ဂျာ လယ်သမားမျာအား ထုတ်မပေးဘဲ ဗုဒ္ဓဘာသာဝင် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာတာဝန်ကျစာရေးတို့ ပူးပေါင်း၍ လျှို့ဝှက်ရောင်းစားခဲ့သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ