ဘူးသီးတောင် သိမ်တောင်ပြင်တွင် ကျေးရွာတာဝန်ခံနှင့် အာဏာပိုင်များ၏ လက်ကိုင်တုတ်တစ်ဦးတို့ ပူးပေါင်း၍ တဖက်နိုင်ငံရောက် ဒုက္ခသည်တစ်ဦး၏ အိမ်နှင့် ခြံမြေကို အခြားတစ်ဦးကို ရောင်းချ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာအုပ်စုတွင် ကျေးရွာတာဝန်ခံနှင့် အာဏာပိုင်များ၏ လက်ကိုင်တုတ်တစ်ဦးတို့ ပူးပေါင်း၍ တဖက်နိုင်ငံရောက် ဒုက္ခသည်တစ်ဦး၏ အိမ်နှင့် ခြံမြေကို အခြားတစ်ဦးအား ရောင်းချလိုက်သည်။

ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာအုပ်စု၊ သိမ်တောင်ပြင် လန်ဂွစ်ရွာ မြောက်ဘက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည် ဒေါ်ဘော်ဒူမာခါတွန် (ဘ) ဦးဆုလ်တာန်အဟ်မဒ် (အသက် ၄၅ နှစ်) ၏ အိမ်အလွတ်နှင့် ခြံမြေကို ကျေးရွာတာဝန်ခံ ဦးရရှီးဒ် (ဘ) ဦးဟာဆာန် နှင့် အာဏာပိုင်များနှင့် ရင်းနှီးသည်ကို အခွင့်ကောင်းယူ၍ ရွာသားများထံမှ ငွေညှစ်လျက်ရှိသည့် ဦးလာလ်မျာ (ဘ) ဦးအဒူလီ (အသက် ၅၆ နှစ်) တို့ပူးပေါင်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၏ ရန်ပုံငွေအတွက်ဟုဆိုကာ ယင်းရွာမှ အလီဂျူဟာရ် (ဘ) ဦးလာလု (အသက် ၂၇ နှစ်) အား ငွေကျပ် ၅ သိန်းဖြင့် ရောင်းချလိုက်ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

အိမ်နှင့် ခြံမြေတို့ကို လွန်ခဲ့သည့် သြဂုတ်လ (၂၈) ရက်နေ့ကတည်းက ရောင်းချခဲ့သော်လည်း ဝယ်ယူသူက စိုးရိမ်၍ အကြိမ်ကြိမ် အာမခံချက်တောင်းခံခဲ့သဖြင့် ၎င်းတို့နှစ်ဦးက နိုဝင်ဘာလ (၂၈) ရက်နေ့တွင် အရောင်းအဝယ် စာချုပ်ချုပ်ဆိုပေးခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။ 

ရောင်းချ၍ ရရှိခဲ့သည့် ငွေများကို ဦးလာလ်မျာက ၃ သိန်းနှင့် ဦးရရှီးဒ်က ၂ သိန်း ဝေစုခွဲယူခဲ့သည်။ 

“သူတို့က ဒီတစ်အိမ်မကဘူး၊ အဲလို ဒုက္ခသည်ပေါင်းများစွာရဲ့ အိမ်များစွာကို ရောင်းစားခဲ့တယ်၊ ရရှီးဒ်က တာဝန်ခံဖြစ်ပေမယ့် ရွာသားတွေကို ခြိမ်းခြောက်ပြီး ငွေညှစ်နိုင်တဲ့ နည်းပညာအမျိုးမျိုးချပြပေးသူက လာလ်မျာ ဖြစ်လို့ ရတဲ့ငွေတွေကို ဝေစုခွဲတဲ့အခါမှာ လာလ်မျာ ကို ပိုပေးရတယ်။ လာလ်မျာက ရရှီးဒ်ရဲ့ ဦးလေး အရင်းလည်း ဖြစ်တယ်” ဟု အဆိုပါ ရွာသားကပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ