ထောက်ပံ့ကြေးများ အပြည့်အ၀ ထုတ်မပေးဘဲ ဖြတ်ယူခဲ့သည့် ကျောက်ဖြူသားသေကံ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပတ်သက်၍ အကျိုးခံစားခွင့်ရှိသူများက သက်ဆိုင်ရာသို့ တိုင်ကြား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူသားသေကံကျေးရွာ အုပ်ချုပ်ရေးမှူးသည် ထောက်ပံ့ကြေးများ ထုတ်ပေးခဲ့စဉ် အပြည့်အ၀ မပေးဘဲ ဖြတ်ယူမှုများ ပြုလုပ်ခဲ့သောကြောင့် အကျိုးခံစားခွင့်ရှိသူများက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ 

ဘူးသီးတောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝန်ထမ်းများအားလုံးသည် ရခိုင်လူမျိုးများ ဖြစ်ကြပြီး ရိုဟင်ဂျာများကို အကြောင်းကိစ္စ အ၀၀တွင် နေ့စဉ်နှင့်အမျှ အနိုင်ကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် စသည်တို့အတွက် ချပေးလေ့ရှိသည့် ထောက်ပံ့ငွေများမှ ရိုဟင်ဂျာများအား ပေးရသည့် ထောက်ပံ့ငွေများကို ရုံးစာရေး၊ ကျေးရွာစာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ခေါင်းပုံဖြတ်စားနေသည်နှင့် ပတ်သက်၍ ရိုဟင်ဂျာများက သက်ဆိုင်ရာသို့ တိုင်တန်းသော်လည်း အရေးယူခြင်း မပြုသည့်အပြင် ခေါ်ယူဆုံးမခြင်းပင် မရှိဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ကျောက်ဖြူသားသေကံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကေထွန်းသည် နိုဝင်ဘာလ (၁၇) ရက်နေ့က ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၁၂၀ ဦးကျော်၏ ထောက်ပံ့ကြေးများကို အပြည့်အ၀ ထုတ်မပေးဘဲ တစ်ဦးလျှင် ငွေကျပ် ၄၀၀၀၀ မှ ၆၅၀၀၀ အထိသာ ထုတ်ပေးခဲ့သည်။ မဂျန္နတာရာ (ဘ) ဦးမိုဟမ္မဒ်အယုဘ် ကို စာရင်းရောက်ရှိခြင်း မရှိဟုဆိုကာ ငွေကျပ် ၁၀၀၀၀ သာ ထုတ်ပေး၍ ကျန်ငွေများကို ခေါင်းပုံဖြတ်စားခဲ့သည်။ 

အုပ်ချုပ်ရေးမှူး ဦးမောင်ကေထွန်းက ခေါင်းပုံဖြတ်စားနေခြင်းနှင့် ပတ်သက်၍ မဂျန္နတာရာ၊ မဟုဆိန်းနားရားဘေဂွမ် (ဘ) ဦးအဘူဘက္ကရ်ဆိဒ္ဒိက် (အသက် ၂၂ နှစ်)၊ မနူရ်ခိုက်ဒါ (ဘ) ဦးဆယိဒ်ဟုဆိန်း (အသက် ၂၃ နှစ်)၊ မအာယေရှား (ဘ) ဦးရှဖိအူလ္လာ (အသက် ၂၁ နှစ်) မဆားဂျိဒါး (ဘ) ဦးမိုဟမ္မဒ်ဆိဒ္ဒိက် (အသက် ၂၆ နှစ်)၊ မနူရ်ဘေဂွမ် (ဘ) ဦးမိုဟမ္မဒ်အာမီးန် (အသက် ၂၆ နှစ်)၊ မဆေးနိုးဝါရား (ဘ) ဦးအာဘူလ်ဘရှားရှိ (အသက် ၁၉ နှစ်) တို့ အပါအဝင် အကျိုးခံစားခွင့်ရှိသူ ၅၀ ဦးခန့်က နိုဝင်ဘာလ (၂၁) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တိုင်တန်းခဲ့သော်လည်း တိုင်တန်းခံရသူက ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၏ တူတော်စပ်သောကြောင့် အရေးယူဆောင်ရွက်ပေးခြင်း မရှိဟု ရွာသားတစ်ဦးက ပြောပါသည်။ 

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရေးယူဆောင်ရွက်ခြင်း မပြုလုပ်သောကြောင့် တိုင်တန်းသူများက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးသို့ တိုင်စာပို့ခဲ့ရာ အထက်လူကြီးများက တိုင်ကြားမှုနှင့် ပတ်သက်၍ စစ်ဆေးပြီးတင်ပြရန် ညွန်ကြားခဲ့ကြောင်း သိရသည်။ 

တိုင်တန်းသူများကို တွေ့ဆုံစစ်ဆေးမေးမြန်းရန် အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဒီဇင်ဘာလ (၇) ရက်နေ့ နံနက် ၁၀ နာရီ လာရောက်ရန် ချိန်းဆိုခဲ့ရာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၄၀ ဦး ကျော်တို့ကို တွေ့ဆုံခြင်း မပြုလုပ်ခဲ့ပေ။ တစ်နေကုန် ထိုင်စောင့်ခိုင်းပြီးနောက် မနက်ဖြန်လာပါဟု ပြောဆိုသဖြင့် အချိန်လွန်သွားကြောင့် နေရပ်သို့ ပြန်မရဘဲ တည်းခိုးခန်း၌ ညအိပ်ခဲ့ရသည်။ 

ဒီဇင်ဘာလ (၈) ရက်နေ့တွင် အမျိုးသမီးအချို့ကို စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ