အစိုးရရဲ့ အပြောနဲ့ အလုပ်က ထပ်တူကျသလား
အေးဇော် Rohingya Today

၂၀၁၇ ခုနှစ်၊ မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးအဖွဲ့ မီးရှို့လို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားရသူထဲက ရိုဟင်ဂျာတချို့ဟာ တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်သွားခြင်းမပြုဘဲ မြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်တွေမှာ နေကြပါတယ်။ ၄ နှစ်ခန့်ကြာလာတဲ့အထိ အဲ့ဒီအိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေကို အစိုးရက ဘာအကူအညီမှ မပေးခဲ့ပါဘူး။ 

အခု ဗီဒီယိုမှာ မြင်ရတာကတော့ အဲ့ဒီအိုးမဲ့အိမ်မဲ့ ဖြစ်နေသူထဲက လူတချို့ကို အစိုးရက ပြန်လည်နေရာချထားပေးဖို့ တဲအိမ်တွေ ဆောက်နေတာပါ။ ကညင်တန်း၊ မြို့မအရှေ့၊ မြို့မအနောက်၊ ရွာသစ်ကေ ဒီကျေးရွာ ရပ်ကွက် ၄ ခုမှ IDP ဖြစ်နေသူတွေကို ပြန်လည်နေရာချထားပေးဖို့ အစိုးရက စီစဉ်နေတာလည်းဖြစ်တယ်။ တဲအိမ် ၃၀၀ ဆောက်လုပ်နေပါတယ်။

ဒီတဲအိမ်ဆောက်နေတဲ့နေရာကတော့ မောင်တောမြို့၊ အမှတ် (၅) ရပ်ကွက်အပိုင် ဖြစ်တယ်။ ဒီနေရာမှာ ၂၀၁၇ ခုနှစ်အရင်က ရိုဟင်ဂျာတွေ (ရွာသစ်ကေရွာသား) နေခဲ့တာပါ။ ဒီနေရာလေးရဲ့ မူလပိုင်ရှင်အများစုက တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံကို ရောက်နေပါတယ်။ သူတို့တွေရဲ့နေရာလေးကို ပြန်လည်နေရာချထားရေးခေါင်းစဉ်နဲ့ အတင်းအဓမ္မသိမ်းပြီး တဲအိမ်ဆောက်နေတာတွေက ဘယ်လိုမှ တရားမျှတမှု မရှိပါဘူး။

အိမ်ထောင်စု တစ်စုကို အလျား (၂၁ ပေ)၊ အနံ (၁၅ ပေ)၊ အမြင့် (၇ ပေ) အတိုင်းအတာ၊ အခင်းမပါ၊ သာမန်သစ်များနဲ့ ဆောက်နေတဲ့ တဲအိမ်တစ်လုံးစီပေးဖို့ စီစဉ်နေတာပါ။

အိမ်ဆောက်နေတဲ့ နေရာနားမှာ ချောင်းနဲ့အဆက် မြောင်းတစ်ခုရှိပြီး ဒီရေအတက်မှာ အနီးအနားနေရာကို ရေလွှမ်းတတ်ပါတယ်။ ဒါတွေ ဘာမှမကြည့်ဘဲ တဲအိမ်တွေ ပြီးစလွယ် ဆောက်နေတာဟာ မြန်မာအစိုးရက ဟန်ပြသူတော်ကောင်း လုပ်ပြနေတာထက် မပိုပါဘူး။ 

အခုတဲအိမ်တွေဆောက်နေတဲ့နေရာကို ပြောင်းရွေ့ခံရမယ့်လူတွေကတော့ ဒီလို နေရာကျဉ်းကျဉ်းလေးမှာ ပြီးစလွယ် တဲတွေဆောက်နေတာ လူနေဖို့လား၊ ဆိတ် နွား နေဖို့လား မေးခွန်းထုတ်ချင်နေကြပါတယ်။

ပြောင်းရွေ့ရမယ့် အိမ်ထောင်စုများ - 

မြို့မအရှေ့ရပ်ကွက်မှ အိမ်ထောင်စု (၁၂) စု
မြို့မမြောက်ရပ်ကွက်မှ အိမ်ထောင်စု (၃၃) စု
ရွာသစ်ကေမှ အိမ်ထောင်စု (၁၅၀) စု
ကညင်တန်း ကျေးရွာမှ အိမ်ထောင်စု (၆၆) စု

လွန်ခဲ့တဲ့လက မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေကို သူတို့ရဲ့ မူလနေရာတွေမှာ ပြန်လည်နေရာချထားပေးတယ်ဆိုပြီး ဖြေကြားခဲ့တာက လက်တွေ့နဲ့ ထက်ထက်စင်အောင်လွဲနေပြီး လိမ်ညာနေခြင်းသာဖြစ်ကြောင်း အခုလုပ်ရပ်တွေက သက်သေပဲ ဖြစ်ပါတယ်။ 

(ဗီဒီယိုကို သေချာလေးကြည့်ရင် ဆောက်နေတဲ့ တဲအိမ်တွေရဲ့အနေအထားကို သိနိုင်ပါတယ်)


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ