ဘူးသီးတောင်၊ ပြိုင်းတောင်မှ ရွာသား ၅ ဦး ဖမ်းဆီးခံရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပြိုင်းတောင်ကျေးရွာ၌ လက်နက်ကြီးကျရောက်ပြီး နို့စို့အရွယ်ကလေးတစ်ဦး သေဆုံးပြီး၊ ကလေး၏ ဖခင်ဒဏ်ရာရရှိခြင်းနှင့် ပတ်သက်၍ ကျေးရွာတာဝန်ခံအပါအဝင် ရွာသား ၅ ဦးကို ညောင်ချောင်းနယ်မြေ၌ ဖမ်းဆီးချုပ်နှောင်ထားသည်။ 

ဇွန်လ ၂၅ ရက်နေ့ ည ၇ နာရီခန့်အချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ အာဇလာရွာမှ ဦးမာမတ်အီနုစ် (ဘ) ဦးဒေါလိလ်အူရာမန် (အသက် ၂၇ နှစ်) ၏ နေအိမ်သို့ လက်နက်ကြီးကျပြီး ၁၁ လ အရွယ် ၎င်း၏ သားငယ် မိုဟာမတ်နူးရ် သေဆုံးပြီး ၎င်းကိုယ်တိုင်လည်း ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

ညပိုင်းတွင် သွားလာခွင့် ကန့်သတ်ထားသောကြောင့် ၎င်းကို ဆေးရုံသို့ မပို့ဆောင်နိုင်ခဲ့သော်လည်း ဇွန်လ (၂၆) ရက်နေ့ နေ့လည်ပိုင်းတွင် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ ဆေးကုသမှု ခံယူလျက်ရှိသည်။ 

ဇွန်လ (၂၆) ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ညောင်ချောင်းနယ်မြေမှ တာဝန်ရှိသူများက ပြိုင်းတောင်ကျေးရွာတာဝန်ခံ ဦးမာမတ်တာဟဲရ် အပါအဝင် ရွာသား ၅ ဦးကို လက်နက်ကြီးကျရောက်မှုနှင့် ပတ်သက်၍ မေးမြန်းလိုသည်ဟု ဆိုကာ ညောင်ချောင်းနယ်မြေသို့ ခေါ်ဆောင်လာပြီး ဦးမာမတ်အီနုစ်၏ နေအိမ်တွင် လက်နက်ကြီး ကျရောက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ဦးမာမတ်အီနုစ်ကိုယ်တိုင် မိုင်းဗုံးပြုလုပ်တတ်သူ ဖြစ်ပြီး၊ မိုင်းဗုံး ပြုလုပ်နေစဉ် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အတင်းအဓမ္မ ဝန်ခံလက်မှတ်ရေးထိုးခိုင်းပြီး ၎င်းတို့ ၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဖမ်းဆီးချုပ်နှောင်ခံထားရသူများမှာ --

(၁) ဦးမာမတ်တာဟဲရ် (ဘ) ဦးအီဆုပ်အလီ (အသက် ၄၄ နှစ်) - ပြိုင်းတောင်ကျေးရွာာတာဝန်ခံ
(၂) ဦးအီလီယာစ် (ဘ) ဦးအီမာန်ရှော်ရိဖ် (အသက် ၄၈ နှစ်) 
(၃) ဦးနူရ်ဟူစိန်း (ဘ) ဦးဘာဆာမျာ (အသက် ၆၀ နှစ်)
(၄) ဦးဂျော်မိလ် (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၂၈ နှစ်)
(၅) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၄၅ နှစ်) - တို့ဖြစ်ကြသည်။

ဒဏ်ရာရရှိခြင်းကြောင့် ဘူးသီးတောင်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ ဦးမာမတ်အီနုစ်ကို ဆေးရုံ၌ နယ်ခြားစောင့်ရဲများက စောင့်ကြည့်နေပြီး၊ ဆေးရုံမှဆင်းလျှင် ဖမ်းဆီးမည်ဟု ယူဆရသည်။ 

ဦးမာမတ်အီနုစ်၏ နေအိမ်ပေါ်သို့ ကျရောက်ခဲ့သော လက်နက်ကြီးကို သေကံခွဆုံကျေးရွာအနီး မယူမြစ် (မေယုမြစ်) ရှိ ရေတပ်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်မှာ သိသာထင်ရှားသော်လည်း ဦးမာမတ်အီနုစ် ကိုယ်တိုင် ပြုလုပ်သည့် မိုင်းဗုံးပေါက်ကွဲခဲ့သည်ဟု လုပ်ကြံ၍ ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်ရန် ကြံစည်နေခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ