ဘူးသီးတောင်၊ ရွက်ညိုတောင်ရွာတွင် လူတစ်ဦး သတ်ဖြတ်ခံရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ရွက်ညိုတောင်ရွာတွင် ပုဇွန်ကန်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကို လူစိမ်း ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်၊ ဓါးဖြင့် ခုတ်သတ်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ်၊ ဒပြုချောင်းကျေးရွာမှ အဒူမာလဲခ် (ဘ) ဦးအဒူနော်ဘီ (အသက် ၂၅ နှစ်) သည် ဒပြုချောင်းကျေးရွာအခြေစိုက် တပ်မမှ စစ်သားတစ်ဦး၏ သားဖြစ်သူနှင့် ပူးပေါင်း၍ ရွက်ညိုတောင်ကျေးရွာရှိ ပုဇွန်ကန်တစ်ကန်ကို ငှားရမ်းကာ အစုစပ်လုပ်ကိုင်နေသူ ဖြစ်သည်။

ဇွန်လ (၁) ရက်နေ့ နေ့လည်ပိုင်းတွင် ပုဇွန်ကန်သို့ လူစိမ်း ၃ ဦးရောက်ရှိလာပြီး၊ အဒူမာလဲခ်၏ ရင်ဘတ်ကို ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ဓါးဖြင့် ခုတ်သတ်ခဲ့သည်။ လူစိမ်း ၃ ဦးက အဒူမာလဲခ်ကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ဓါးဖြင့်ခုတ်ရန် လိုက်နေစဉ် ပုဇွန်ကန်ရှိ ကန်အစောင့် အလုပ်သမား ၃ ဦး တွေ့ရှိပြီး ကြောက်ရွံ၍ ထွက်ပြေးသွားခဲ့ကြသည်။ 

လူစိမ်း ၃ ဦးသည် အဒူမာလဲခ်ကို သတ်ဖြတ်ပြီးနောက် အလောင်းကို ချုံပုတ်ထဲတွင် ဝှက်ထားခဲ့ပြီး အဒူမာလဲခ်၏ ဆိုင်ကယ်ကိုယူ၍ မောင်းနှင်ပြီး ထွက်ပြေးသွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ပုဇွန်ကန်မှ ထွက်ပြေးသွားခဲ့ကြသည့် အလုပ်သမား ၃ ဦးသည် ရွာထဲသို့ သွားရောက်၍ ရွာသားများကို အကျိုးအကြောင်း ပြောပြပြီးနောက် ရွာသားများ ပုဇွန်ကန်သို့ လိုက်လာခဲ့သော်လည်း လူသတ်သမား ၃ ဦး ထွက်ပြေးသွားပြီး ဖြစ်သောကြောင့် အဒူမာလဲခ်၏ အလောင်းကိုသာ ချုံပုတ်ထဲမှ ရရှိခဲ့သည်။

ရွာသားများက အလောင်းကို ချုံပုတ်ထဲမှာ ထုတ်ယူပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။ ထို့အနောက် အလောင်းကို ဘူးသီးတောင် ဆေးရုံသို့ သယ်ဆောင်သွားခဲ့သည်။ 

ပုဇွန်ကန်စောင့် အလုပ်သမား ၃ ဦးကို တပ်ရင်း ၅၅၁ အတွင်း စခန်းချထားသည့် စခန်း ၂၁ (ဖုံညိုလိပ်စခန်း) မှ နယ်ခြားစောင့်ရဲများက ခေါ်ယူစစ်ဆေးပြီးနောက် ဆက်လက် စစ်ဆေးရန် လိုအပ်သည်ဟု ဆိုကာ ထိန်းသိမ်းထားသည်။ 

အဒူမာလဲခ်၏ ရုပ်အလောင်းကို ဆေးရုံတွင် တစ်ညထားပြီး ခွဲစိတ်စစ်ဆေးကာ ဇွန်လ ၂ ရက်နေ့ နေ့လည်ပိုင်းတွင် ပြန်ထုတ်ပေးခဲ့သည်။ မိသားစုဝင်များက ညနေပိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့ကြောင်း သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ