မြောက်ဦး ဘူးတစ်လုံး၌ စစ်တပ်နှင့် AA တို့ တိုက်ပွဲအကြား ရိုဟင်ဂျာ ၅ ဦး သေဆုံး၊ ၇ ဦး ပျောက်ဆုံး၊ ၉ ဦးဒဏ်ရာရ
ခင်မောင်နိုင် Rohingya Today

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဘူးတစ်လုံးကျေးရွာတွင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အစိုးရစစ်တပ်နှင့် AA တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲနှင့် မသက်ဆိုင်သည့် အပြစ်မဲ့ ရိုဟင်ဂျာ ၅ ဦး သေဆုံးပြီး၊ ၉ ဦးဒဏ်ရာရရှိခဲ့သည်။ 

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်မှစ၍ အစိုးရစစ်တပ်နှင့် AA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ဘူးတစ်လုံးကျေးရွာရှိ မြောင်းဘွေတံတားကို ဖြတ်ကျော်၍ မင်းပြားမြို့နယ်သို့ သွားနေသည့် အစိုးရစစ်တပ်မှ ယာဉ်တန်းကို AA က တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တစ်နာရီကျော် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ စစ်သားများက ဘူးတစ်လုံး ရိုဟင်ဂျာရွာ အပြင်ဘက်တွင် နေရာယူထားချိန်တွင် AA ပတ်ပတ်လည်ရှိ ရခိုင်ရွာများမှ ပစ်ခတ်ခဲ့သည်။ 

တိုက်ပွဲကြောင့် ဘူးတစ်လုံးကျေးရွာမှ ရိုဟင်ဂျာ ၅ ဦး သေဆုံးပြီး၊ ၉ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ၇ ဦးပျောက်ဆုံးနေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

သေဆုံးသူများမှာ --

(၁) မာမတ်ဟာရဲစ် (ဘ) ဦးဆီးရိုး (အသက် ၁၅ နှစ်ခန့်၊ ၇ တန်းကျောင်းသား)
(၂) ဘောလော် (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၃၃ နှစ်ခန့်)
(၃) မာမတ်ရဟီးမ် (ဘ) ဦးမာမတ်ဂျူဟုရ် (အသက် ၉  နှစ်)
(၄) အီဗြာဟိမ်းဟော်လိလ် (ဘ) ဦးဘော်ဒီရုလ်ဇာမာန် (အသက် ၄၇ နှစ်)
(၅) ဖူးလီယား (ဘ) ဦးဂျမာလ်ဟူစိန်း -- တို့ဖြစ်ကြသည်။

ဦးအီဗြာဟိမ်းဟော်လိလ်၏ ရုပ်အလောင်းကို ရွှေလှိုင်ရွာ (ရခိုင်ရွာ) ရှိ ဦးကျော်လှ၏ ကွမ်းသီးခြံထဲတွင် ခါး၊ ပေါင်၊ ကျောကုန်း စသည့်နေရာများတွင် ဓါးထိုးခံထားရသည့် ဒဏ်ရာများ၊ မျက်နှာတွင် ထိုးကြိတ်ခံထားရသည့် ဒဏ်ရာများဖြင့် နေ့လည်ပိုင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ရခိုင်ရွာသားများက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ ဦးအီဗြာဟိမ်းဟော်လိလ်သည် ဘူးတစ်လုံးကျေးရွာတွင် အရေးပါသူတစ်ဦး ဖြစ်သည်။ 

ဖူလီယားဆိုသူသည် နံနက် အစောပိုင်းတွင် ရွှေလှိုင်ရွာ (ရခိုင်ရွာ) ထဲ၌ အလုပ်လုပ်ရန် သွားရောက်ပြီး အလုပ်လုပ်နေစဉ် ခြေထောက်နှင့် လည်ပင်းတွင် ကျည်ဆံထိမှန်ပင် ယင်းနေရာတွင်ပင် သေဆုံးသွားခဲ့သည်။ 

ဘောလော်ဆိုသူကို ဘူးတစ်လုံးရွာထဲတွင် စစ်သားများက အနီးကပ် ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ကျန်သည့်နှစ်ဦးကို AA က ပစ်ခတ်သည့် ကျည်ဆံထိမှန်၍ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

ပျောက်ဆုံးနေသူ ၇ ဦးမှာ နံနက် အစောပိုင်းတွင် ရွှေလှိုင် (ရခိုင်ရွာ) သို့ အလုပ်လုပ်ရန် သွားရောက်ရာမှ ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး၊ ၎င်းတို့ကို အစိုးရစစ်တပ် (သို့မဟုတ်) AA က ဖမ်းဆီးသွားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုကြသည်။ 

ဒဏ်ရာရရှိသူများမှာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦး ဖြစ်ကြသည်။ ၎င်းတို့ကို မြောင်းဘွေ ဆေးရုံတွင် ဆေးကုသပေးခဲ့ပြီး အိမ်သို့ပြန်စေခဲ့သည်။ နောက်ရက်များတွင်လည်း ကုသမှုခံယူရန်အတွက် ဆေးရုံသို့ လာရောက်ရန် ဆရာဝန်က မှာကြားခဲ့သည်။ 

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပီပင်ရင်းကျေးရွာ အနီးတွင်လည်း စစ်တပ်နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ပီပရင်းကျေးရွာမှ ရိုဟင်ဂျာနှစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် လယ်ကွင်း၌ နွားကျောင်းနေသည့် သရက်ချိုကျေးရွာမှ သက်ကြီးရွယ်အို ရိုဟင်ဂျာတစ်ဦး ကျည်ဆံထိမှန်၍ သေဆုံးခဲ့ရသည်။ ဦးဟာရုံဆိုသူ တစ်ဦး ပျောက်ဆုံးနေသည်ဟု ဒေသခံများက ပြောသည်။

ဘူးတစ်လုံးကျေးရွာထဲ၌ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားစဉ် ကျရောက်ခဲ့သည့် ဗုံးတစ်လုံးသည် မပေါက်ကွဲသေးဘဲ ကျန်နေခဲ့ပြီး ညနေ ၅ နာရီအချိန်တွင် ကလေးများတွေ့ရှိခဲ့ရာ ဗုံးမှန်းမသိဘဲ ကိုင်မြှောက်ခဲ့သဖြင့် ပေါက်ကွဲပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများသည် အစိုးရစစ်တပ်နှင့် AA တို့အကြား တိုက်ပွဲများ ဖြစ်သော်လည်း အပြစ်မဲ့သည့် ရိုဟင်ဂျာများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ