ဘူးသီးတောင်မြို့နယ်တွင် ရိုဟင်ဂျာအမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း ကျောက်ရံကျေးရွာအုပ်စု၊ ထိပ်ထူးဖောက်ကျေးရွာမှ ရိုဟင်ဂျာအမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

ယနေ့ အောက်တိုဘာလ (၂၀) ရက်နေ့ ည ရး၄၀ နာရီအချိန်တွင် ကျောက်ရံကျေးရွာအုပ်စု၊ ထိပ်ထူးဖောက်ကျေးရွာမှ ဦးဆီရာဇူး၏ ဇနီးဖြစ်သူ ဒေါ်အာယေရှား (ဘ) ဦးအဒူရှကူရ် (အသက် ၄၅ နှစ်) သည် ၎င်း၏ နေအိမ်ရှေ့ ကြမ်းပြင်တွင် ထိုင်နေစဉ် လက်နက်ကြီး ကျည်ဆံထိမှန်ပြီး ခြေထောက်တစ်ဖက်၌ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထို့အပြင် ၎င်း၏ အိမ်ရှေ့ရှိ အိမ်မွေးနွားတစ်ကောင်နှင့် ခွေးတစ်ကောင်တို့လည်း ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့သည်။ 

ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည့် ဒေါ်အာယေရှားကို မိသားစုဝင်များက ဘူးသီးတောင် ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ 

မည်သည့်အဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီး ကျည်ဆံဖြစ်သည်ကို ဒေသခံများက မသိကြသော်လည်း မြန်မာစစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။ ဒဗြူးချောင်းကျေးရွာ အခြေစိုက် တပ်မနှင့် တပ်ရင်း ၅၅၁ တို့က လက်နက်ကြီးများဖြင့် AA လက်နက်ကိုင်အဖွဲ့ကို မကြာခဏ ပစ်ခတ်လေ့ရှိသောကြောင့် ယခုကဲ့သို့ သုံးသပ်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ 

ယခုနှစ် အစောပိုင်းမှစ၍ AA နှင့် ဖြစ်ပွားသည့်တိုက်ပွဲများတွင် မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ အများအပြားသေဆုံးပြီး များစွာ ဒဏ်ရာရရှိခဲ့သည်။ မြန်မာစစ်တပ်နှင့် AA တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ဖြစ်သော်လည်း တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် အပြစ်မဲ့ ရိုဟင်ဂျာများ ကြားညှပ်ခံနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ