မြန်မာအစိုးရဘက်လိုက်တယ်လို့ ကျော်ကြားနေတဲ့ ကုလအထူးသံတမန် ခရစ်တင်းဘာဂနာ ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်က သတိပေးစကားပြော
ရှား Rohingya Today
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန် ခရစ်တင်းဘာဂနာ (ဓါတ်ပုံ - UN/Loey Felipe)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် ခရစ်တင်းဘာဂနာဟာ ပြင်းထန်စွာဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကျော်ကြားတဲ့ ပြည်တွင်းမီဒီယာ Prothom Alo က ရေးသားဖော်ပြထားပါတယ်။

ခရစ်တင်းဘာဂနာကို လွန်ခဲ့တဲ့နှစ် ဧပြီလမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး၊ မြန်မာအစိုးရဘက်ကို လိုက်ပြီး ဆောင်ရွက်နေသူ ဖြစ်တယ်လို့ ကျော်ကြားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့သီတင်းပတ်တုန်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သံတမန်တွေကို ရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးအတွက် မလုပ်ဆောင်နိုင်ဘူး၊ ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂအထူးသံတမန် ခရစ်တင်းဘာဂနာ က ပြစ်တင်ပြောဆိုခဲ့ပါတယ်။ 

အင်္ဂါနေ့ (ဇူလိုင်လ ၂၃) နေ့လည်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်နဲ့ တွေ့ဖို့လာတဲ့အချိန်မှာ ဒီလိုပြစ်တင်ပြောဆိုတာနဲ့ ပတ်သက်ပြီး သူမကို မေးမြန်းတဲ့အခါမှာတော့ တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိခဲ့ပါဘူး။ 

သူမက အထူးသံတမန် ခန့်အပ်ခံရချိန်ကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၅ ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပေမယ့်လည်း ရိုဟင်ဂျာဒုက္ခသည်များ ခိုလှုံနေရာ ကော့ဇ်ဘဇားကို တစ်ကြိမ်သာ သွားရောက်ခဲ့ပါတယ်။

ခရစ်တင်းဘာဂနာက ဇူလိုင်လ (၉) ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ (၁၀) ရက်ကြာ အလုပ်သဘော သွားရောက်ခဲ့ပါတယ်။ ဝန်ကြီးများ၊ အစိုးရ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ အကြံပေးအဖွဲ့များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ 

ဇူလိုင်လ (၂၃) ရက်နေ့၊ အင်္ဂါနေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာပြီး နေ့လည်ပိုင်းမှာ နိုင်ငံခြားရေးအတွင်းဝန် မိုဟာမတ်ရှဟီဒုလ်ဟာခ်နဲ့ သူ့ရဲ့ရုံးခန်းမှာ တွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။

တွေ့ဆုံမှု အပြီးမှာတော့ သတင်းထောက်တွေက မေးခွန်းတွေ မေးမြန်းတာကို ခရစ်တင်းဘာဂနာ က ဖြေကြားလိုတဲ့ ဆန္ဒမရှိဘူးလို့ Prothom Alo က သတင်းမှာ ဖော်ပြထားပါတယ်။ 

နိုင်ငံခြားရေးအတွင်းဝန် ကတော့ သူ့အနေနဲ့ ကုလသမဂ္ဂအထူးသံတမန်ကို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတွေ့ဆုံမှုမှာ ပါဝင်သူတွေကတော့ ခရစ်တင်းဘာဂနာက အစည်းအဝေးမှာ စိတ်မသက်မသာ ဖြစ်နေရတယ်လို့ ပြောကြတယ်။ ပြီးတော့ ရခိုင်ပြည်နယ်တွင်း သွားလာချိန်မှာ အကန့်အသတ်နဲ့သာ သွားလာခွင့်ရခဲ့တယ်လို့လည်း သူမက ဝန်ခံလိုက်တယ်လို့ အစည်းအဝေးတက်ရောက်သူတွေက ဆိုကြပါတယ်။ သူမအနေနဲ့ မြန်မာအစိုးရက ခေါ်သွားတဲ့ နေရာတွေကိုသာ သွားလာခွင့်ရခဲ့တယ်။ 

နိုင်ငံခြားရေးအတွင်းဝန် ကတော့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ရိုဟင်ဂျာတွေ ပြန်သွားဖို့ မသင့်တော်သေးဘူးလို့ ပြောလို့ရမလားဆိုပြီး မေးတဲ့အခါ ခရစ်တင်းဘာဂနာကတော့ ရခိုင်ပြည်နယ်က အခြေအနေက ရိုဟင်ဂျာတွေ ပြန်သွားဖို့ မသင့်တော်တာကို သဘောတူတဲ့အကြောင်း ပြောတယ်။

နိုင်ငံခြားရေးအတွင်းဝန်က ဒါတွေကို ရန်ကုန်က ရှင်းလင်းမှာ ထည့်မပြောရတဲ့အကြောင်းရင်း၊ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ကို ပြစ်တင်ဝေဖန်တာတွေ၊ မြန်မာအစိုးရရဲ့ စုံစမ်းရေး ကော်မရှင်ကို ဘင်္ဂလားဒေ့ရှ်ကို လာခွင့်မပေးဘူးဆိုပြီး စွပ်စွဲတာတွေနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့အခါမှာတော့ ခရစ်တင်းဘာဂနာက ချေပဖို့ ကြိုးစားခဲ့ပါသေးတယ်။ သို့ပေမယ့်လည်း နိုင်ငံခြားရေးအတွင်းဝန်က ရန်ကုန်မြို့က ဘင်္ဂလားဒေ့ရှ်သံရုံးက ပို့ပေးထားတဲ့ အစီရင်ခံစာတွေ ထုတ်ပြတော့ ခရစ်တင်းဘာဂနာက အတော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။

နိုင်ငံခြားရေးအတွင်းဝန်က သူမအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို လာပြီးတော့ ရိုဟင်ဂျာကမ့်တွေကို မသွားရတဲ့ အကြောင်းရင်းကိုလည်း အလွန်သိချင်နေတာပါ။ 

အတွင်းဝန်က “ရိုဟင်ဂျာတွေနဲ့ စကားပြောကြည့်မှသာ သူတို့ တကယ်ပြန်ချင်လား မပြန်ချင်ဘူးလား ဆိုတာ သိရမယ်။ သူတို့တွေ ဘာကို လိုချင်နေတာလဲဆိုတာကို သိရမယ်” လို့ ပြောတဲ့အခါမှတော့ ခရစ်တင်းဘာဂနာက ဘာမှ ပြန်မဖြေခဲ့ပါဘူး။

ခရစ်တင်းဘာဂနာ က “ကျွန်မကို ယုံပါ။ ကျွန်မက ဘင်္ဂလားဒေ့ရှ်ကို ကူညီချင်တာပါ” လို့ပြောတဲ့အခါမှာတော့ နိုင်ငံခြားရေးအတွင်းဝန်က “ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်ကို ကူညီပါလို့ ပြောနေလား?၊ ရိုဟင်ဂျာတွေကို ကူညီပါ၊ အဲဒါနဲ့ လုံလောက်တယ်” လို့ ပြန်ပြောပါတယ်။ 

အစည်းအဝေးမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားမကြည့်လို့ ပြစ်တင်ဝေဖန်ခံရတဲ့ ခရစ်တင်းဘာဂနာကတော့ သူမနဲ့အတူ အစည်းအဝေးလာတက်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ကော့ဇ်ဘဇားကို လွှတ်မယ်လို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

အစည်းအဝေး အဆုံးသတ်မှာတော့ နိုင်ငံခြားရေးအတွင်းဝန် ရှဟီဒုလ်ဟာခ် က ကုလသမဂ္ဂ အထူးသံတမန် ခရစ်တင်းဘာဂနာ ကို သတိပေးစကား ပြောတယ်။ 

“နောက်တစ်ကြိမ် သံတမန်တွေကို ရှင်းလင်းပြောဆိုတာတွေကို စောင့်ကြည့်နေပါမယ်။ ကျွန်တော်တို့ကတော့ အစီရင်ခံစာ တစ်စောင် ပြင်ဆင်ပြီး၊ အဲဒါကို အများပြည်သူ ဖတ်ရှုလို့ ရအောင် လုပ်ထားမယ်။ ပြီးတော့ ပထမ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဆီကို ပို့မယ်” လို့ သတိပေးစကား ပြောခဲ့တဲ့အကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ယောက်က ပြောပါတယ်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ