ဒီဇမ္ဗူကျွန်းက မနုဿဖြစ်အင်
ယျာတင် (ရိုဟင်းသား) Rohingya Today
ဓါတ်ပုံ - David Swanson/IRIN

ဒီဇမ္ဗူကျွန်းက မနုဿဖြစ်အင်

- ရေခံမြေခံကောင်းတဲ့ အရပ်ဟုတ်ပေမယ့် 
ဖိနှိပ်မှုရာသီဥတုအောက်မှာ ငါ့ကိုမွေးလေတော့ 
ငါ့ခန္ဓာကိုယ်က ထင်သလိုမဖွံ့ဖြိုးခဲ့ဘူး။ 
ရှုရှိုက်နေရတဲ့ သွေးငွေ့ရောအောက်စီဂျင်ကြောင့်
ခန္ဓာကိုယ်က ထှိုင်းမှိုင်းအသက်မပါသလိုမျိုး
ဝမ်းနည်စရာတွေပဲ ငါ့မှာ အမြစ်တွယ်လာခဲ့တယ်။ 
တစ်ချို့က ဖိနှိပ်နိုင်မှပျော် 
တစ်ချို့က ဖိနှိပ်ခံသံသရာမှာမျှော။ 
တစ်မိုးတည်းအောက်က မနုသားများအကြောင်း 
ပြောရရင် အချိန်ကုန်သာအဖတ်တင်မယ်။ 
စိတ်ဓာတ်ညံ့ဖျင်းနေသူအချို့ရဲ့ အနိုင်ကျင့်မှုကြောင့်
လျှံအန်လာတဲ့ နှလုံးသားအက်ကွဲသံတွေ၊
နာကျင်ရေရွတ်သံတွေ၊
သိမ်ငယ် ငိုရှိုက်သံတွေပဲ 
ငါ့နားရွက်ကို အမြဲတိုက်စားနေလေတယ်။

- ရေခံမြေခံကောင်းတဲ့ အရပ်ဟုတ်ပေမယ့် 
ညှဉ်းပန်းမှုရာသီဥတု ပြင်းထန်မှုကြောင့် 
တောတောင်၊ ပင်လယ် 
မြေပြင်နဲ့ လေဟာပြင်တို့က 
ငါ့ကို ပိုင်ဆိုင်နေပေမယ့်
ငါတော့ ဘာကိုမှ ပိုင်ဆိုင်ခွင့်မရရှာဘူး။ 
စိမ်းလန်းသာယာတဲ့ ငါ့ဌာနေကို
မီးရဲ့အစား လုပ်ပစ်ခဲ့မှုကြောင့်
သာယာခဲ့ဖူးတဲ့ ငါ့ပြည်ကြီးလည်း 
ရစရာမရှိအောင် မျက်နှာညိုးနေရတယ်။ 
လူသွားလာဖို့ ဖောက်တဲ့လမ်းပေါ်မှာ 
ငါ့အသွားအလာတွေ ကန့်သတ်ခံနေရတယ်။ 
ငြိမ်းချမ်းမှုပြယုဂ်ဖြစ်တဲ့ ဝတ်ပြုအိမ်တော်တွေရဲ့ 
အဝင်ဂိတ်ဝမှာ
သော့ခလောက်ကြီးကြီးမားမား ဆင်မြန်းထားရလေတယ်။ 
ချိန်ခွင်လျှာ တစ်ဘက်စောင်းနင်းဖြစ်နေမှုမှာ
ငါဟာ နိမ့်ရာဘက် တွန်းပို့ခံနေရတယ်။ 

- ရေခံမြေခံကောင်းတဲ့ အရပ်ဟုတ်ပေမယ့် 
ခွဲခြားမှုရာမုန်တိုင်း ထန်နေမှုကြောင့် 
ပြိုင်ပွဲတစ်ပွဲလည်း မဟုတ်ဘဲနဲ့ 
ခွဲခြားဘက်လိုက်ခံရတဲ့ မိနစ်တွေ 
ငါ့ဘဝမှာ နှစ်များဖြစ်လာခဲ့တယ်။ 
ကြိုးဝိုင်းထဲ မဝင်ချင်တဲ့သူကိုမှ 
အတင်းဆွဲခေါ်လို့ ပွဲပြိုင်စေခြင်းမှာ
ငါ သရေပွဲတောင် မျှော်လင့်ခွင့်မသာခဲ့ဘူး။ 
ဥပဒေမဲ့ အနိုင်ယူသူရဲ့ လှောင်ရယ်သံအောက်မှာ 
ငါ့မျှော်လင့်ချက်တွေ တစ်စစီမကြေမွဖို့ပဲ 
အားတင်ထားရတဲ့ အထဲ 
ငါ့မျက်ရည်တွေလည်း 
တစ်ခါတစ်ခါ သွေးစက်ဖြစ်လာခဲ့တယ်။

- ရေခံမြေခံကောင်းတဲ့ အရပ်ဟုတ်ပေမယ့် 
ကန့်သတ်ထားမှုလေရိုင်းတွေ ပြင်းထန်မှုကြောင့် 
ငါ့ပညာရေးအသီးတွေ မှည့်လာခွင့် 
ငါ့မျော်လင့်ချက်ပန်းပွင့်တွေ ဝေဆာခွင့် 
ငါ့လူသားဂုဏ်သိက္ခာတွေ သာယာခွင့် 
ဘာအခွင့်မှ ငါ့ဘက်ကရပ်တည်မနေဘူး။ 
အရာရာတစ်ဘက်သတ် ဖိနင်းခံရမှုကြောင့် 
ငါ့နှလုံးသားနုနုလေးထဲ အမာရွတ်ပေါင်းများစွာ 
အရွယ်နဲ့မလိုက်အောင် သန္ဓေတည်လာခဲ့တယ်။ 
ငါ့နှလုံးသားထဲက အမာရွတ်တွေ 
တဆစ်ဆစ် နာကျင်လာတဲ့အခါ 
ခဏလောက်ပဲဖြစ်ဖြစ် 
မှေးစက်ခွင့်ရဖို့ ရင်ခွင်တစ်ခုရယ် 
အနာသက်သာတဲ့ ဆေးတစ်မျိုးရယ် 
ဒီဇမ္ဗူတစ်ခွင်မှာ 
ငါ့အတွက် ဘာလို့ရှားပါးနေရတာလဲဟင်။

- ရေခံမြေခံကောင်းတဲ့ အရပ်ဆိုပေမယ့်
လူမျိုးတုံးသုတ်သင်မှု လေရူးတွေ အရှိန်မြင့်နေခြင်းအောက်
လက်နက်စုံတွေရဲ့ အစာဖြစ်သွားခဲ့ရတဲ့ဇီဝိန်များ၊
လောင်ကျွမ်းသွားခြင်းခံရတဲ့ အသက်များ၊
ပင်လယ်ငါးစာ ဖြစ်ခဲ့ရတဲ့ ခန္ဓာများ၊
သိက္ခာဆယ်ဖို့ ပေးဆပ်ခဲ့ရတဲ့သွေးစက်များ၊
ခက်ခဲစွာရှာဖွေခဲ့တဲ့ တစ်သက်တာရိက္ခာတွေ တစ်မှိတ်အတွင်း ပြာဘဝရောက်ခဲ့ရမှုများ၊
သူတို့ရဲ့ခဏတာအပျော်အတွက် ငါတို့ရဲ့တစ်သက်တာကို 
မညှာမတာ ချိုးပစ်ခြင်းခံခဲ့ရမှုများ၊
မျှော်လင့်ချက်ပေါင်းများစွာ အဆုံးသတ်ခံခဲ့ရမှုများ၊
မတရားအနိုင်ကျင့်ခံရမှုကြောင့် ကျခဲ့ရတဲ့မျက်ရည်များ၊
စတဲ့ ပြောမဆုံးမယ့် နာကျည်မှုအကြောင်းတွေဟာ
ငါ့နှလုံးသား စာမျက်နှာမှာ 
နေ့စဉ်နဲ့အမျှ ကမ္ဗည်းလာလာထိုးနေတော့ 
လူမျိုးတုံးသတ်ဖြတ်မှုသမိုင်းစာအုပ်က
ထူသထက်ထူလာပြီး ငါသယ်ရလေးလွန်းနေပါတယ်။

- ငါနဲ့ ငါ့အမျိုးရိုဟင်ဂျာတွေ ...
အမာရွတ်ရင့်နေတဲ့ နှလုံးရည်နဲ့ 
ဆူးတွေခင်းထားတဲ့မရဏလမ်းကို ဖြတ်ပြီး
လူ့ဂုဏ်သိက္ခာနဲ့ လူသားဖြစ်တည်ခွင့်တစ်ခုအတွက်
အမှန်တရားဘောင်ထဲကနေ ရုန်းကန်းတဲ့အခါ 
သင်တို့ရဲ့ လူသားဆန်တဲ့ ကမ်းလက်တွေ
ငါတို့ကို မျှော်လင့်ခွင့်ပြုပါ။ 

(ရိုဟင်ဂျာတွေရဲ့ ဘဝကို ပုံဖော်ရေးဖွဲ့ထားတာပါ)


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ