အိမ်လွမ်းစိတ်
အာရ်ကာန်မြေဖွားလူငယ်တစ်ဦး Rohingya Today
ဓါတ်ပုံ - Tyrone Siu/Reuters

အိမ်လွမ်းစိတ်
••••••••••••

အိမ်လွမ်းစိတ်နဲ့၊ တိုက်စားခဲ့တဲ့
အချိန်တွေလည်း၊ ချိုးသွားခဲ့တာ
ရက်မှလသို့၊ လမှနှစ်သို့။

ပျော်ရွှင်မှုတွေ ပျောက်ရှနေတဲ့
တိုင်းတစ်ပါးမှာ ကျက်စားနေသူ
ချက်ကြွေမြေပေါ် ဖြစ်သည့်အလွမ်း
ချနင်းလာရတာ ရက်စွဲများစွာလည်း
ပြိုဖန်များခဲ့။

အလို ...!
ဇာတိနှင့်ဝေး အိမ်နှင့်ဝေးသူ
ထိုလိုလူရဲ့ ပြင်းပြလွမ်းစိတ်
ဘယ်သူကလာ ဖြေသိမ့်ပေးနိုင်ပါ့မလဲ။

ပြက္ခဒိန်တွေနဲ့ ရန်ဖြစ်ခဲ့တဲ့နေ့ရက်တွေ
လမ်းပျောက်နေတဲ့ မှောင်မည်းမည်းညတွေ
အတိုင်းအဆ မသိရှည်နေခြင်းများ
ဘယ်သူက တိတိပပသိနိုင်ပါ့မလဲ။

ရွှေမြေအာရ်ကာန်၊ ချစ်တဲ့မွေးမြေကို
အရောက်လှမ်း၍ ခြေချနိုင်ဖို့
တစ်နေ့နေ့ဆိုတဲ့ စကားလုံးကို
ဖြေသိမ့်စရာဖြစ် မွေးမြူနေရ။

အိမ်ပြန်ချင်သူ လူငယ်တစ်ယောက်
မျှော်လင့်ချက်နှင့် အားအင်ရှိသမျှ
ပြေး၍ချီတက် သွားနေခဲ့လည်း
ချစ်ရာမွေးမြေ ဝေးနေဆဲတဲ့လား။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ