မောင်တောမြို့မှ ယာဉ်ထိန်းရဲများက ရိုဟင်ဂျာများကို လူမျိုးရေးခွဲခြား ဖိနှိပ်၊ ငွေညှစ်
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် တာဝန်ကျနေသည့် ယာဉ်ထိန်းရဲများသည် CNG နှင့် ဆိုင်ကယ်စီးလာသည့် ရိုဟင်ဂျာများကို ပစ်မှတ်ထား၍ လူမျိုးရေးခွဲခြား ဖိနှိပ်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်နေသည်။

မောင်တောမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးရှေ့မှ CNG နှင့် ဆိုင်ကယ်စီး၍ ဖြတ်သန်းသွားလာသည့် ရိုဟင်ဂျာများကို ယာဉ်ထိန်းရဲများက ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်ဦးထုပ် စသည်များကို စစ်ဆေး၍ အားနည်းချက် တစ်စုံတစ်စု တွေ့ရှိပါက ငွေသိန်းချီ ညှစ်ယူလေ့ရှိသည်။ အားနည်းချက် မတွေ့ရှိသော်လည်း ကောင်းကောင်းမွန်မွန် မပြောဆိုတတ်သူများကို အမျိုးမျိုးခြိမ်းခြောက်၍ ငွေကျပ် နှစ်သောင်းမှ ငါးသောင်းထိ ညှစ်ယူလျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးသည် မောင်တောမြို့၏ ပင်မလမ်းပေါ်တွင် ရှိနေသဖြင့် ၎င်းလမ်းကို ရှောင်ကျဉ်၍ သွား၍ မရဖြစ်နေသည်။ သို့ဖြစ်၍ ရိုဟင်ဂျာများသည် ယာဉ်ထိန်းရဲရုံးရှေ့မှ သွားတိုင်း ယာဉ်ထိန်းရဲများ၏ ဒုက္ခပေးမှုကြောင့် ယင်းရုံးရှေ့မှ သွားလာရန် ကြောက်ရွံ့နေကြသည်။

ယာဉ်ထိန်းရဲများသည် ရွှေဇားတံတားသို့ မကြာခဏ သွားစောင့်၍ ရွှေဇားကျေးရွာနှင့် ယင်းရွာ၏ မြောက်ဘက်ရှိ ရွာများမှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဆိုင်ကယ်များနှင့် CNG များကို စစ်ဆေး၍ နည်းမျိုးစုံဖြင့် လုပ်ကြံ၍ ငွေညှစ်လျက်ရှိသည်။ 

တစ်ခါတစ်ရံတွင် မြို့မကညင်တန်းကျေးရွာ၏ အရှေ့ဘက် ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက်ရှေ့ ခွဆုံတွင် စောင့်၍  ရိုဟင်ဂျာများ စီးနင်းလာသည့် ဆိုင်ကယ်များနှင့် CNG များကို စစ်ဆေး၍ ငွေညှစ်လေ့ရှိသည်။ 

ယာဉ်ထိန်းရဲများသည် ရိုဟင်ဂျာများကို စစ်ဆေး ငွေညှစ်လျက်ရှိပြီး၊ ရခိုင်၊ ဗမာ စသည့် ဗုဒ္ဓဘာသာဝင်များကိုမူ မေးမြန်းခြင်းပင် မရှိပေ။ “ယာဉ်စည်းကမ်းက ရိုဟင်ဂျာတွေ အတွက်သာလား၊ ဗုဒ္ဓဘာသာဝင်ဆိုရင် စည်းကမ်းလိုက်နာဖို့ မလိုဘူးလား” ဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ