ဘူးသီးတောင် ဖုရားပြင်သိန်းတန်၊ ပြင်လှကျေးရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ပိတ်ဆို့ စစ်ဆေးပြီး ဒေသခံအချို့ကို ဖမ်းဆီး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်သိန်းတန်ကျေးရွာအုပ်စု၊ ပြင်လှကျေးရွာသို့ တပ်မ ၂၂ မှ စစ်သားများ ဝင်ရောက်၍ ပိတ်ဆို့ စစ်ဆေးပြီး ဒေသခံအချို့ကို ဖမ်းဆီးခဲ့သည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့ နေ့လည် ၂ နာရီခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်သိန်းတန်ကျေးရွာအုပ်စု၊ ပြင်လှကျေးရွာသို့ တပ်မ ၂၂ မှ စစ်သားအင်အား ၁၀၀ ကျော် ဝင်ရောက်လာပြီး မိုးပေါ်သို့ အချက်ပေါင်းများစွာ သေနတ်ပစ်ဖောက်ခဲ့သည်။ 

သေနတ်ပစ်ဖောက်သံကြောင့် ရွာသားများက ကြောက်ရွံ့၍ ထွက်ပြေးတိမ်းရှောင်ကြရာ စစ်သားများက သေနတ်ဖြင့် ဆက်လက်ပစ်ခတ်သဖြင့် ပြင်လှခူနာရွာမှ ဦးဟူဆောင်း (ဘ) ဦးအဒူကော်ရီးမ် (အသက် ၅၅ နှစ်) ၏ ခြေထောက်ကို ကျည်ဆံထိမှန်ခဲ့သည်။ သေနတ်ဒဏ်ရာဖြင့် ချောင်းကူး၍ သေကံခွဆုံကျေးရွာအုပ်စု သို့ ပြေးဝင်သွားသည် ဦးဟူဆောာင်းကို သေကံခွဆုံကျေးရွာအုပ်ချုပ်ရေးမှူးက လူချင်းသိသော်လည်း တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုလုပ်ဘဲ ဖမ်းဆီး၍ စစ်သားများ၏ လက်ထဲသို့ အပ်နှံခဲ့သည်။

စစ်သားများက ပြင်လှကျေးရွာကို ပိတ်ဆို့စစ်ဆေးပြီး ဒေသခံရွာသား (၁၈) ဦးကို ဖမ်းဆီးခဲ့သည်။ ရွာသားအမြောက်အမြားကိုလည်း ရိုက်နှက်ခဲ့သည်။ ဖမ်းဆီးထားသည့် ဒေသခံရွာသား (၁၈) ဦးကို ညောင်ချောင်းနယ်မြေမှ နယ်ခြားစောင့်ရဲများကို ခေါ်၍ အပ်နှံခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

နယ်ခြားစောင့်ရဲများသည် သေကံခွဆုံကျေးရွာအုပ်စု မုစ်တော်ဖိစ်ရွာကို ဖြတ်သန်းလာနေစဉ် ယင်းရွာမှ ဦးကမာလ်ဟူစိန်း (ဘ) ဦးမောင်ဂုလ်အာမတ် (အသက် ၅၀ နှစ်) ကို လမ်းမှာတွေ့ရှိသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်။ သေနတ်ကျည်ဆံထိမှန်သူ ဦးဟူဆောင်း အပါအဝင် စစ်တပ်မှ အပ်နှံခဲ့သည့် ဒေသခံရွာသား (၁၈) ဦးမှ (၁၅) ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရပ်မိရပ်ဖ များက အာမခံပေးသဖြင့် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၈) ရက်နေ့ နံနက်ပိုင်းတွင် အိမ်ထောင်စုစာရင်းများယူ၍ အုပ်ချုပ်ရေးမှူးနှင့်အတူ ညောင်ချောင်းနယ်မြေစခန်းသို့ လာရောက်ရန် မှာကြားခဲ့သည်။

ကျန်သည့် (၄) ဦးကို နယ်မြေစခန်းသို့ ခေါ်ဆောင်သွားပြီး ဦးကမာလ်ဟူစိန်း (ဘ) ဦးမောင်ဂုလ်အာမတ် ကို ည (၈) နာရီအချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ ၎င်းကိုလည်း အိမ်ထောင်စုစာရင်းယူ၍ ကျေးရွာတာဝန်ခံနှင့်အတူ နယ်မြေစခန်းသို့ ပြန်လာရန် မှာကြားခဲ့သည်။

နယ်ခြားစောင့်ရဲများ ထွက်သွားသော်လည်း စစ်သားများက နေဝင်ပြီးချိန်ထိ ရွာထဲတွင် မွှေနှောက်ခဲ့သည်။ တလင်းနှင့် ဟင်းခင်းများတွင် အလုပ်လုပ်နေသူများကို စပါး ဘယ်ကရလဲ၊ ကျွဲနွားတွေ ဘယ်ကရလဲ စသည့် မေးခွန်းများ မေးမြန်းပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဖမ်းဆီးချုပ်နှောင်ခံရထားသူ (၃) ဦးမှာ --

(၁) သေနတ်ကျည်ဆံထိမှန်သည့် ဦးဟူဆောင်း (ဘ) ဦးအဒူကော်ရီးမ် (အသက် ၅၅ နှစ်) ပြင်လှခူနာရွာမှ 
(၂) ဦးဖောကိရ်အာမတ် (ဘ) ဦးအာဘူလ်ကာဆိမ်း (အသက် ၄၈ နှစ်) ပြင်လှအစ္စမိုင်လ်ရွာမှ
(၃) ဦးဂျာဘူရာမာန် (အသက် ၃၅ နှစ်) ပြင်လှကျေးရွာတွင် အလုပ်လုပ်ရန် ရောက်ရှိလာစဉ် အဖမ်းခံရ -- တို့ဖြစ်ကြသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ မကြာခဏ ဝင်ရောက်၍ ရွာသားများကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်း၊ သေနတ်ပစ်ဖောက်၍ ခြိမ်းခြောက်ခြင်းများ မကြာခဏ ပြုလုပ်နေသဖြင့် ဒေသခံများ၏ လုံခြုံရေးအတွက် အလွန်စိုးရိမ်နေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ