ဘူးသီးတောင် ဖိုးခေါင်ချောင်းကျေးရွာသို့ နယ်ခြားစောင့်ရဲများ ဝင်ရောက်စစ်ဆေးပြီး ဒေသခံများကို ရိုက်နှက်၊ ငွေညှစ်
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖိုးခေါင်ချောင်းကျေးရွာသို့ နယ်ခြားစောင့်ရဲများ ဝင်ရောက်၍ နေအိမ်များ စစ်ဆေးခြင်း၊ အပြစ်မဲ့ရွာသားများကို ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖိုးခေါင်ချောင်းကျေးရွာသို့ ကျောက်စာတိုင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး အပါအဝင် နယ်ခြားစောင့်ရဲ (၅) ဦး ရောက်ရှိလာပြီး ကျေးရွာထဲတွင် လမ်းပေါ်၌ တွေ့သမျှ ရွာသားများကို စစ်ဆေး၍ အချို့ကို ရိုက်နှက်ခဲ့သည်။ နေအိမ်အချို့ကိုလည်း ဝင်ရောက် စစ်ဆေးရှာဖွေခဲ့သည်။ 

လမ်းပေါ်မှ ရွာသား (၄) ဦးကို ဖမ်းဆီး၍ ၎င်းတို့၏ နေအိမ်များသို့ ခေါ်ဆောင်သွားပြီး စစ်ဆေး ရှာဖွေခဲ့ပြီး၊ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မရရှိသော်လည်း အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ငွေညှစ်ခံရသူ (၄) ဦးမှာ --

(၁) ဦးနူရ်ဟာကီးမ် (ဘ) ဦးဟာရှိမ်း (ညှစ်ခံရငွေကျပ် ၃၅၀၀၀/-)
(၂) ဦးရှော်ဘုလ်ကာဒေရ် (ဘ) ဦးဟူစိန်းအာမတ် (ညှစ်ခံရငွေကျပ် ၂၅၀၀၀/-)
(၃) မော်လဝီဂျာဘဲရ် (ဘ) ဦးအဒူဆူဝါန် (ညှစ်ခံရငွေကျပ် ၂၅၀၀၀/-)
(၄) မော်လဝီအဒူရော်ရှိတ် (ညှစ်ခံရငွေကျပ် ၂၀၀၀၀/-) -- တို့ဖြစ်ကြသည်။ 

နယ်ခြားစောင့်ရဲများသည် ဦးဟာဘီဘုလ္လာ၏ နေအိမ်သို့ ဝင်ရောက်၍ ကြက်တစ်ကောင်နှင့် ခိုနှစ်ကောင် အတင်းအဓမ္မယူ၍ ဆယ်အိမ်မှူးတစ်ဦး၏ နေအိမ်တွင် ထမင်း၊ ဟင်း ချက်ခိုင်းပြီး နေ့လည်စာ စားသောက်ခဲ့သည်။ 

၎င်းတို့သည် ရွာထဲတွင် တစ်နေကုန် စိတ်တိုင်းကျ မွှေနှောက်ပြီးနောက် နေဝင်ချိန်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ