အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများအားလုံး အာမခံငွေပေးသွင်းပြီးနောက် လွတ်မြောက်လာ
ရှား Rohingya Today
ရိုဟင်ဂျာ (၃၁) ဦးကို ဖမ်းဆီးစဉ်က ရိုက်ကူးထားသည့်ပုံ (ဓါတ်ပုံ - Indian Express)

အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကူး၍ ခိုလှုံရန် ဇန်နဝါရီလ (၁၈) ရက်နေ့မှစ၍ (၂၂) ရက်နေ့ထိ လေးရက်ကြာ စောင့်ဆိုင်းနေခဲ့သည် ရိုဟင်ဂျာဒုက္ခသည် (၃၁) ဦးကို အိန္ဒိယ နယ်ခြားစောင့်တပ်က ဖမ်းဆီး၍ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။ 

ဖမ်းဆီးခံရသူ (၃၁) ဦးကို အိန္ဒိယနယ်ခြားစောင့်တပ်က ထရိုက်ပူရာ ရဲတပ်ဖွဲ့သို့ အပ်နှံပြီးနောက် အမျိုးသမီး (၈) ဦးနှင့် ကလေး (၁၇) ဦးကို ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် အာမခံငွေယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ အမျိုးသမီး (၈) ဦးအတွက် လိုအပ်သည့် အာမခံငွေ ရူပီး ၄၀၀၀၀/- ကို အိန္ဒိယနိုင်ငံ နယူးဒေလီ အခြေစိုက် ရိုဟင်ဂျာဒုက္ခသည်များ ကော်မတီက ဦးစီး၍ ပေးသွင်းခဲ့သည်။

အမျိုးသား (၆) ဦးကို လွန်ခဲ့သည့် တနင်္လာနေ့က တရားရုံးက အာမခံပေးခဲ့ပြီး၊ တစ်ဦးချင်းစီအတွက် ရူပီးငွေ ၃၀၀၀၀/- စုစုပေါင်း တစ်သိန်းရှစ်သောင်း ပေးသွင်းပြီးနောက် ဗုဒ္ဓဟူးနေ့ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း နယူးဒေလီအခြေစိုက် ရိုဟင်ဂျာဒုက္ခသည်များ ကော်မတီ ဥက္ကဌ ဦးနေဇာမူဒင်းက Rohingya Today သို့ပြောပါသည်။ 

“ဘယ်ကမှ အကူအညီမရခဲ့ဘူး။ ကျွန်တော်တို့ ဒုက္ခသည်တွေက ဆွေမျိုးနီးစပ်တွေကို ဆက်သွယ်တယ်။ ကူညီနိုင်သူအားလုံး တတ်နိုင်သမျှ ကူညီပြီး အာမခံငွေကို ပေးသွင်းခဲ့ရတယ်။ အခုတော့ သူတို့အားလုံး လွတ်လာလို့ ကျွန်တော်တို့ ဝမ်းသာနေကြတယ်။ ကျန်တဲ့လူတွေ လွတ်ဖို့လည်း ကျွန်တော်တို့ ကြိုးစားသွားမှာပါ” ဟု ဦးနေဇာမူဒင်း က ပြောသည်။

ဖေဖော်ဝါရီလ (၃) ရက်နေ့က လူကုန်ကူးခံရနေရသည်ဟု ယူဆရသည့် ရိုဟင်ဂျာကလေး (၇) ဦးကို ထရိုက်ပူရာမြောက်ပိုင်းရှိ ရထားဘူတာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ ၎င်းတို့ လွတ်မြောက်လာရေးအတွက်ကိုလည်း ရိုဟင်ဂျာဒုက္ခသည်များ ကော်မတီက ကြိုးစားလျက်ရှိသည်။ 

ဇန်နဝါရီလ (၂၁) ရက်နေ့ကလည်း ထရိုက်ပူရာ - အာဆမ် နယ်စပ်တွင် ရိုဟင်ဂျာဒုက္ခသည် (၃၀) ဦးကို ဖမ်းဆီးထားသည်။ 

အိန္ဒိယ - ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဇန်နဝါရီလ (၂၂) ရက်နေ့က ဖမ်းဆီးခံရပြီး လွတ်မြောက်လာသည့် ရိုဟင်ဂျာ (၃၁) ဦးအနက် (၂၇) ဦးတွင် ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးမှ ထုတ်ပေးထားသည့် တရားဝင် ဒုက္ခသည်လက်မှတ်များ ရှိသော်လည်း အိန္ဒိယနိုင်ငံက ဂျနီဗာကွန်ဗန်းရှင်း လက်မှတ်မထိုးထားသည်ကို အကြောင်းပြ၍ ယင်းလက်မှတ်များကို အသိအမှတ်ပြုခြင်း မရှိပေ။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင် (၇) ဦး၊ ယခုနှစ် ဇန်နဝါရီလတွင် (၅) ဦး ကို မြန်မာအာဏာပိုင်များ လက်ထဲသို့ အပ်နှံ၍ ပြန်လည် ပို့ခဲ့ခြင်းကြောင့် အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည် ၁၃၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့သည်။ 

အိန္ဒိယနိုင်ငံ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရက နိုင်ငံတွင်း ခိုလှုံနေသည့် ရိုဟင်ဂျာ ၄ သောင်းကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ပြည်နယ်အစိုးရများကို ညွန်ကြားထားပြီး လေးလအတွင်း (၁၂) ဦး ပြန်ပို့ခဲ့ခြင်းကြောင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက ပြင်းထန်စွာ ဝေဖန်ကန့်ကွက်လျက်ရှိသည်။

အိန္ဒိယနိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် ၄ သောင်း ခိုလှုံလျက်ရှိပြီး၊ ၁၈၀၀၀ ကို ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးမှ တရားဝင်အသိအမှတ်ပြုထားသည့် ဒုက္ခသည်ကတ်ပြားများ ထုတ်ပေးထားသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ