မောင်တော သရက်အုပ်ကျေးရွာသို့ ပြောင်းရွှေ့လာသည့် ရဲအုပ်က ရိုဟင်ဂျာများကို ကိုယ်ထိလက်ရောက် ရိုက်နှက်
မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲကင်းစခန်းသို့ အသစ်ပြောင်းရွှေ့လာသည့် ရဲအုပ်က ရွာသားများကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သည်။ 

ဇွန်လ (၂) ရက်နေ့ ည ၆း၃၀ နာရီအချိန်တွင် ဘာသာရေးဆရာတစ်ဦး ဖြစ်သူ မော်လဝီနူးရ်မိုဟာမတ် (ဘ) ဦးအဒူဆာလာ (အသက် ၄၂ နှစ်) ကို ရဲကင်းစခန်းမှ ရဲအုပ်က လယ်မြေကို ခြံစည်းကာရံထားသည်ကို အကြောင်းပြ၍ ရိုက်နှက်ခဲ့သည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။

"ဒီရဲအုပ်က ကျွန်တော်တို့ ရွာအခြေစိုက် ရဲကင်းစခန်းကို ပြောင်းလာတာ ရက်ပိုင်းပဲရှိသေးတယ်။ နာမည်လည်း မသိရသေးဘူး။ မော်လဝီနူးရ်မိုဟာမတ်ဆိုတာ ကျွန်တော်တို့ဆီမှာ နာမည်ကျော် ဘာသာရေးဆရာတစ်ယောက်က။ ဆရာက လမ်းရဲ့ မြောက်ဘက်မှာရှိတဲ့ သူ့ရဲ့ လယ်မြေကို ခြံစည်းရိုးခတ်တယ်။ အဲဒါကို ခြံစည်းရိုးခတ်ရမလားဆိုပြီး ရဲအုပ်က ကိုယ်ထိလက်ရောက် စော်ကားပြီး ရိုက်နှက်တယ်" ဟု ၎င်းက ပြောသည်။

ထို့အပြင် မတရားသဖြင့် ဖမ်းဆီးခံထားရသည့် အကျဉ်းထောင်မှ အကျဉ်းသား အချို့ လွတ်မြောက်လာခဲ့ရာ ၎င်းတို့ကိုလည်း အချိန်မီ သတင်းမပို့ဟုဆိုကာ ရိုက်နှက်ခဲ့သည်။

ပြောင်းရွှေ့လာသည်မှာ မကြာသေးသော်လည်း ယခုကဲ့သို့ လူအများလေးစား ကြည်ညိုရသူကိုပါ ချန်မထားဘဲ ရိုက်နှက်ခြင်းကြောင့် ရွာ၏ အခြေအနေ ပိုမိုဆိုးရွားလာမည်ကို ရွာသူရွာသားများက စိုးရိမ်နေကြသည်။

"ကျွန်တော်တို့ အားလုံးလေးစားကြည်ညိုရသူကို ရိုက်နှက်တာက ကျွန်တော်တို့ကို စော်ကားရိုက်နှက်တာနဲ့အတူတူပါပဲ။ အခုလို ရွာမျက်နှာဖုံးတစ်ယောက်ကို ရိုက်နှက်တာက ပြဿနာဖြစ်လာအောင် ဖန်တီးနေတယ်လို့ ယူဆတယ်။ သက်ဆိုင်ရာ အကြီးအကဲတွေအနေနဲ့ အချိန်မီ အရေးယူ ဟန့်တားပေးဖို့ တောင်းဆိုပါတယ်" ဟု ရွာသားတစ်ဦးက ပြောသည်။ 


Related Posts