"ပျားတို့ဘဝနှယ် ရိုဟင်ဂျာ့ဘဝ"
ဟိုတောင် ဒီတောင်၊ ပျံဝဲရင်း
ဟိုပင် ဒီပင်၊ လိုက်ကြည့်ရင်း
ဟိုပန်းပေါ် ဒီပန်းပေါ်၊ နားသလိုအယောင်ဆောင်ရင်း
မရပ်မနား ဝတ်ရည် စုပ်ပြီး
နှုတ်သီးဖြင့် သယ်လာ၊ သေးငယ်အစက်
အချိန်ယူပြီး၊ ပျားအုံဆောက်ကြ ….။
အားချိန်မရှိ ပင်ပန်းမှန်းမသိ
နေပူဒဏ်၊ မိုးဒဏ်၊ အအေးဒဏ်ခံ၍
ရှိသမျှအားစိုက် လုပ်ကိုင်ခဲ့ရပြီးမို့
ငါ့တို့မှာ တစ်ခါတစ်ခါ ခေါင်းမူးခဲ့တယ်
ငါ့တို့မှာ တစ်ခါတစ်ခါ ဖျားနာခဲ့တယ်
ငါ့တို့မှာ တစ်ခါတစ်ခါ ရင်နာခဲ့တယ် ….။
ယူနီဖေါင်းသမား ထိုအဖွဲ့သား
ငါတို့ပင်ပန်းမှု ကိုယ်ချင်းမစာ
ငါတို့အနာကို မသိယောင်ဆောင်
ငါတို့ဒုက္ခကို လစ်လျူရှု၍
တွေ့သမျှပျားအုံ အပိုင်စီးလို့
အောက်ကမွှေးပေး အရှိန်ပြင်းတဲ့မီး ….။
နှစ်နှင့်ချီပြီး ဆောက်ခဲ့တဲ့အိမ်
မိနှစ်ပိုင်းတွင်း ပြိုပျက်ဆင်ပျက်
မီးလောင်ခံတဲ့ ပျားကလေးများ
မီးအရှိန်ကြောင့် ဆုံးသူဆုံးနှင့်
ဟိုဝေးဝေးကို ထွက်ပေးသူထွက်ပြေးနှင့် ….။
ကိုယ်မွေးတဲ့ကိုယ့်သားသမီး မျက်နှာ
လှည့်ကြည့်ချိန်မရ အသက်လုပြေးရ
ကိုယ်ရင်ထဲလောင်ကျွမ်း အသည်းထဲနာချိန်
ပျားရည်ရသူတော့ ပြုံးလို့ရွှင်လို့ ….။
သြော် ….
"မြေမျို၍ လူမျိုးမပြုတ်
လူမျိုမှ လူမျိုးပြုတ်သည်"
လဝကရုံး ထဲက ဆိုင်းဘုတ်အတိုင်း
ငါတို့မျိုးနွယ်စု အမျိုခံရတော့ပြီလား ….
ငါတို့မျိုးနွယ်စု မျိုးပြုတ်ခံရတော့ပြီလား ….။
(ရိုဟင်ဂျာတွေရဲ့ ဘဝကို ပုံဖော်ရေးဖွဲ့ထားတာပါ)