မောင်တော တောင်ပိုင်း အလယ်သံကျော်မှ နေရပ်စွန့်ခွာသွားသူများ၏ အိမ်ခြံမြေများကို ဘော်ဒူဇာထိုး၍ ရှင်းလင်းပြီး ကျူးကျော်အိမ်များကဲ့သို့ ဆောက်လုပ်နေ
အေးကျော် Rohingya Today

မောင်တော ။ ။ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ ရွာများအားလုံးနီးပါးမှ ရိုဟင်ဂျာများသည် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကြောင့် တစ်ဖက်နိုင်ငံသို့ ခိုလှုံရန် ထွက်ပြေးသွားခဲ့ရသည်။

အလယ်သံကျော်ကျေးရွာအုပ်စုမှ အများစု နေရပ်စွန့်ခွာသွားခဲ့သော်လည်း အလယ်သံကျော် ကညင်တန်းကျေးရွာတွင် အိမ်ခြေ ၃၀ ကျော်၊ အလယ်သံကျော်ကျေးရွာတွင် အိမ်ခြေ ၂၀ ခန့် ကျန်ရစ်ခဲ့သည်။ အလယ်သံကျော်ကျေးရွာရှိ အိမ်ခြေ ၂၀ ခန့်တွင် အခြားရွာများမှ လာရောက်ခိုလှုံသူများလည်း ရှိသည်။ 

ယခုအခါ နိုင်ငံတော်အစိုးရမှ နေအိမ်များ မီးရှို့ခံရပြီး တစ်ဖက်နိုင်ငံသို့ ထွက်မပြေးဘဲ အခြားရွာများတွင် ခိုလှုံနေသူများကို နေအိမ်များ ပြန်လည် ဆောက်လုပ်ပေးရန် စီစဉ်လျက်ရှိသည်။ 

မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က မူလရွာရှိ၊ မူရင်းနေရာတွင် နေအိမ်များ ဆောက်လုပ်ပေးနေသည်ဟု DMG သတင်းဌာနကို ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ပြောကြားခဲ့သော်လည်း မြေပြင်တွင် လက်တွေ့ ဆောက်လုပ်နေသည်နှင့် ကွာခြားမှု ရှိနေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

"ခရိုင်အုပ်ချုပ်ရေးမှူး ပြောတာနဲ့ တစ်ခြားစီပါ။ အလယ်သံကျော် အုပ်ချုပ်ရေးမှူး ကျော်ဇေယျာဦးက ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပေါင်းပြီး မောင်တူလာရွာက နေရပ်စွန့်ခွာသွားသူတွေရဲ့ အိမ်ခြံမြေတွေပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ကျုးကျော်အိမ်တွေလို ဆောက်ပေးနေတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

အလယ်သံကျော်ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်ဇေယျာဦးက တစ်ဖက်နိုင်ငံတွင် ခိုလှုံနေသူများထံ ဖုန်းဆက်၍ ငွေညှစ်ကြောင်း၊ ၎င်းတောင်းသည့် ငွေပမာဏကို မပို့သောကြောင့် ၎င်းတို့၏ အိမ်ခြံမြေများပေါ်တွင် အခြားအိမ်များ ဆောက်လုပ်ပေးလိုက်မည်ဟု ခြိမ်းခြောက်ကြောင်း၊ ငွေမပေးသူများ၏ နေအိမ်များကို ဘော်ဒူဇာထိုး၍ ရှင်းနေကြောင်း၊ နေအိမ် ၁၉ အိမ်ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ 

နေရပ်စွန့်ခွာမသွားသူများကို မူလနေရာများတွင် ပြန်လည် ဆောက်လုပ်ပေးနေသည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ပြောဆိုနေသော်လည်း တကယ်တမ်းတွင် အခြားသူများ ပိုင်ဆိုင်သည့် နေရာများပေါ်တွင်သာ ဆောက်လုပ်ပေးနေသည်ကို တွေ့ရသည်။ မူရင်းပိုင်ရှင်များ ပြန်ရောက်လာသည့်အခါ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာမည် ဖြစ်သောကြောင့် အထက်အာဏာပိုင်များအနေဖြင့် ပိုင်ရှင်ရှိသူများ၏ မြေနေရာတွင် ကျူးကျော်အိမ်များကဲ့သို့ ဆောက်လုပ်နေသည်ကို အမြန်ဆုံး ရပ်တန့်ပေးရန် လိုအပ်သည်ဟု ဒေသခံများက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ