မောင်တောမြို့တွင် ရိုဟင်ဂျာလူငယ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကညင်တန်းရပ်ကွက်မှ ဦးအီလီယာစ်၏ သားဖြစ်သူ မာမတ်အာယာစ် (ခ) မောင်မောင်လှ (အသက် ၂၇ နှစ်) ကို ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာအုပ်စု ဖွေးရာရွာအဝင်ဝရှိ တံတားအနီးတွင် ကားစီးလာသည့်လူတစ်စုက ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

နိုဝင်ဘာလ (၁၃) ရက်နေ့ ညနေပိုင်းတွင် မာမတ်အာယာစ် (ခ) မောင်မောင်လှသည် သူငယ်ချင်းနှစ်ဦးနှင့်အတူ ဆိုင်ကယ်ဖြင့် သွားနေစဉ် ညနေ ၅း၃၀ နာရီခန့်တွင် ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာအုပ်စု ဖွေးရာရွာအဝင်၀ တံတားအနီးသို့ ရောက်ရှိသောအခါ Mark II အဖြူရောင်မှန်လုံကားငယ်တစ်စီး ရောက်ရှိလာပြီး ကားထဲမှ လူတစ်ဦးက မောင်မောင်လှတို့ ၃ ဦးကို ခေါ်ကာ "ဘယ်ရွာကလဲ၊ နာမည်တွေ ဘယ်လိုခေါ်ကြလဲ" ဟု ဗမာစကားဖြင့် မေးမြန်းခဲ့သည်။ မောင်မောင်လှတို့ ၃ ဦးက ရွာနာမည်နှင့် ၎င်းတို့ နာမည်များကို ဖြေပြီးနောက် မေးမြန်းသူက မောင်မောင်လှကို "မင်းကိုပဲ လိုချင်တာ" ဟု ပြောဆိုပြီး ကားထဲမှနေ၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

"မောင်မောင်လှက ပစ်နေတဲ့အချိန်မှာ ခေါင်းငုတ်ပြီး ရှောင်တော့ ပခုံးကို ထိတယ်။ ထွက်ပြေးတော့ ထပ်ပစ်တယ်။ တင်ပါးကို ထပ်ထိတယ်။ ပစ်တဲ့ကားက မောင်တောမြို့ပေါ်ဘက်ကို မောင်းပြေးသွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

မောင်မောင်လှကို သူငယ်ချင်းများက နေရပ်သို့ သယ်ဆောင်သွားပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများကို တိုင်တန်းခဲ့သည်။ ၎င်းတို့က မြို့မရဲစခန်းသို့ သတင်းပို့ပြီး ရဲတပ်ဖွဲ့၏ အကူအညီဖြင့် မောင်မောင်လှကို မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ 

မောင်မောင်လှကို ပစ်ခတ်စဉ် ကားထဲတွင် လူလေးဦး (သို့မဟုတ်) ငါးဦး ရှိနေပြီး၊ ၎င်းတို့က ဗမာစကားပြောသော်လည်း ရခိုင်လူမျိုးများဟု ယူဆရကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာ၏ တောင်ဘက် ၂ ဖာလုံခန့်အကွာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းရှိသည်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ခတ်သံ ၃ ချက်တိတိ ကြားသော်လည်း အခင်းဖြစ်ပွားရာနေရာသို့ လာရောက်ကြည့်ရှုခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် အဆိုပါကားသည် ကညင်တန်းရပ်ကွက်နှင့် ပန်းတောပြင်ကျေးရွာကြား မေယုချောင်း တံတားကင်းစခန်းကို ကျော်ဖြတ်၍ မြို့ပေါ်သို့ ဝင်ရောက်သွားခဲ့သည်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများရှိသော်လည်း ဖြတ်သန်းသွားသည့်ကားကို စစ်ဆေးခြင်း မရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ