COVID-19 ကို အကြောင်းပြ၍ မောင်တောမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များက ငွေညှစ်
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် COVID-19 ကြောင့် lockdown ချထားသည်ကို အကြောင်းပြ၍ ဒေသခံများထံမှ ငွေညှစ်လျက်ရှိသည်။

မောင်တောမြို့နယ်တွင် COVID-19 ကြောင့် lockdown ချထားသောကြောင့် ဈေးဆိုင်များကို နေ့လည်တစ်နာရီအထိသာ ဖွင့်ခွင့်ပေးထားသည်။ နေ့လည်တစ်နာရီကျော်သည်နှင့် တပြိုင်နက် ဖမ်းဆီးမှုများ ပြုလုပ်ပြီး ငွေညှစ်ခြင်း၊ အပြင်ထွက်သူများက Mask မတပ်ပါက ငွေညှစ်ခြင်းများ ပြုလုပ်လျက်ရှိသည်။ 

စက်တင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရွာသစ်ကေရပ်ကွက် (အမှတ် (၅) ရပ်ကွက်) ဈေးသို့သွားရောက်၍ လူစုဝေးနေသည်ဟုဆိုကာ ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးပြီး ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ နေ့လည်ပိုင်းတွင် တစ်ဦးချင်းစီထံမှ ငွေကျပ် ၇၀၀၀၀/- စီညှစ်ယူ၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

စက်တင်ဘာလ (၄) ရက်နေ့ နံနက်ပိုင်းတွင်လည်း ရဲတပ်ဖွဲ့ဝင်များသည် မြို့မကညင်တန်းဈေးသို့ သွားရောက်၍ ဒေသခံ (၁၅) ဦးကို ဖမ်းဆီးပြီး အချုပ်ကားဖြင့် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ နေ့လည်ပိုင်းတွင် တစ်ဦးချင်းစီထံမှ ငွေကျပ် ၁၂၀၀၀၀/- စီညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 

"Lockdown ချထားတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ညွန်ကြားချက်နဲ့အညီ လူတွေက မနက်ပိုင်းမှာ ဈေးဝယ်ကြ၊ ရောင်းကြ လုပ်ကြတယ်။ အဲဒီအချိန်မှာ လူစုတယ်ဆိုပြီး လာဖမ်းတယ်။ ဖမ်းခံရတဲ့လူတွေအားလုံး Mask တပ်ထားတဲ့လူတွေ။ ဈေးထဲမှာ ဈေးရောင်း၊ ဈေးဝယ်တွေနဲ့ လူစုလူဝေးတော့ အတော်အသင့် ဖြစ်မှာပဲ။ အဲဒါကို ရဲတွေက အခွင့်ကောင်းယူပြီး ဖမ်းဆီးငွေညှစ်နေတာ" ဟု မြို့ခံတစ်ဦးက ပြောသည်။ 

"မြို့မကညင်တန်းဈေးရဲ့ အရှေ့ဘက်ဆိုင်တန်းတွေမှာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်မှာ ရခိုင်အမျိုးသမီးနှစ်ယောက်က ချဲဒိုင်ဖွင့်ထားတယ်။ သူတို့ဆီက လူမျိုးပေါင်းစုံလာပြီး ချဲထိုးကြတယ်။ ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက်က ဘုန်းကြီးတွေတောင် အဲဒီဆိုင်မှာ ချဲထိုးကြတယ်။ ဈေးထဲမှ လူတွေကို ဖမ်းနေတဲ့အချိန်မှာ အဲဒီဆိုင်မှာ ရခိုင်အမျိုးသားနှစ်ယောက်နဲ့ ရိုဟင်ဂျာအမျိုးသားသုံးယောက် ချဲထိုးနေကြတယ်။ ရဲတွေက ရိုဟင်ဂျာ သုံးယောက်ကို ဖမ်းသွားတယ်။ ရခိုင်အမျိုးသားနှစ်ယောက်နဲ့ ချဲဒိုင်အမျိုးသမီးနှစ်ယောက်ကို မဖမ်းဘူး။ အဲဒီတော့ ဖမ်းဆီးတာက လူမျိုးခွဲခြားပြီး ဖမ်းနေတာကို တွေ့ရတယ်။ တကယ်တမ်း လူစုလူဝေးဖြစ်အောင် ချဲဒိုင်အမျိုးသမီးနှစ်ယောက်က လုပ်နေတာ။ သူတို့ကို မဖမ်းတာကို ကြည့်ရင် ရိုဟင်ဂျာတွေကို ပစ်မှတ်ထား ငွေညှစ်နေတာ သိသာတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။ 

စစ်တွေမြို့တွင် Mask မတပ်သူများကို ဒဏ်ငွေ တစ်ထောင် ပြစ်ဒဏ်ပေးသော်လည်း မောင်တောမြို့နယ်တွင် ငွေကျပ် တစ်သောင်း ပြစ်ဒဏ်ပေးသည်။ သြဂုတ်လ (၂၅) ရက်နေ့ တစ်ရက်တည်းတွင် မောင်တောမြို့မှ လူတစ်ရာကျော် ငွေကျပ် တစ်သောင်းစီ ဒဏ်ငွေပေးခဲ့ရသည်။

သြဂုတ်လ (၂၈) ရက်နေ့ နေ့လည်ပိုင်းတွင် စည်ပင်ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များသည် မြို့မကညင်တန်းဈေးသို့ ရောက်ရှိလာပြီး ဆိုင်ဖွင့်ထားသည့်အတွက်ဟု ဆိုကာ ဆိုင် ၃ ဆိုင်မှ ငွေကျပ် ၅၀၀၀၀/- စီ ညှစ်ယူခဲ့သည်။ လမ်းဘေးတွင် ကွမ်းယာရောင်းနေသည့် ကလေးတစ်ဦးထံမှလည်း ငွေကျပ် ၃၀၀၀၀/- ညှစ်ယူခဲ့သည်။

"ကိုဗစ်အကြောင်းပြပြီး ငွေညှစ်နေတဲ့ ရဲတွေကိုယ်တိုင် Mask မတပ်ကြဘူး။ တစ်ချို့က မေးစေ့မှာ တပ်ထားကြတယ်။ တစ်ချို့ကတော့ လုံးဝကို မတပ်ကြတာ။ သူတို့ကိုယ်တိုင် စည်းကမ်းဖောက်ဖျက်နေတာ ဘယ်သူမှ အရေးယူမယ့်သူ မရှိဘူး။

"ကိုဗစ်ကာလမှ လူတွေ အလုပ်လက်မဲ့ ဖြစ်နေတယ်။ စားဝတ်နေရေးအတွက် တော်တော်လေးကို ရုန်းကန်နေကြရတယ်။ နိုင်ငံတော်က ကူညီမပေးတဲ့အပြင် ရဲတွေ ငွေညှစ်နေတာကို လွှတ်ပေးထားပြီး ဒုက္ခပိုပေးနေသလို ဖြစ်နေတယ်" ဟု မောင်တောမြို့နယ်အတွင်း လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။  


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ