စကခ (၁၅) မှ တပ်ကြပ်က G-1 ၏ အမိန့်အရဟုဆိုကာ ရိုဟင်ဂျာများထံမှ ငွေညှစ်နေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဒပြုချောင်းကျေးရွာ အခြေစိုက် စကခ (၁၅) တပ်မတွင် တာဝန်ထမ်းနေသည့် တပ်ကြပ်ဝင်းထွန်းဦး ဆိုသူသည် G-1 နှင့် ဌာနကြီးတပ်ခွဲမှူးတို့၏ အမိန့်အရဆိုကာ ရိုဟင်ဂျာများကို အပြစ်မရှိအပြစ်ရှာ၍ ဖမ်းဆီးပြီး ငွေညှစ်လျက်ရှိသည်။ 

တပ်ကြပ်ဝင်းထွန်းဦးသည် ရိုဟင်ဂျာရွာထဲသို့ နေညအချိန်မရွေး ဝင်ထွက်သွားလာလျက်ရှိပြီး၊ ရွာတွင်းတွင် သတင်းပေးများ ထားရှိကာ ၎င်းထံ ပုံမှန်သတင်းပို့ခိုင်းသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

"ရွာထဲမှာ လူတွေ အချင်းချင်း စကားများရန်ဖြစ်တာ၊ အခြား ကိစ္စကြီးငယ်စတာတွေကို သူကိုယ်တိုင်တွေ့တာဖြစ်ဖြစ်၊ သူ့ရဲ့သတင်းပေးတွေက ပြောတာဖြစ်ဖြစ်၊ ဖမ်းပြီး နှစ်ဖက်စလုံးကနေ ရန်ဖြစ်တယ်။ ကလေးတွေ ကစားတဲ့အခါ ကလေးအချင်းချင်း စကားများရင်တောင် မိဘတွေဆီက ငွေညှစ်တယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

"မိသားစုထဲမှာ ညီအစ်ကိုမောင်နှမ အချင်းချင်းစကားများရင်လည်း ငွေညှစ်တယ်။ မိသားစုထဲ အမွေကိစ္စ ပေါ်ရင်လည်း ဖမ်းပြီးငွေညှစ်တယ်။ သူငယ်ချင်း အချင်းချင်း စကားများရင်လည်း ငွေညှစ်တယ်။ စီးပွားရေး စပ်တူလုပ်သူတွေ စကားများရင်လည်း ငွေညှစ်တယ်။ လင်မယားစကားများရင်တောင် ငွေညှစ်တယ်" ဟု ၎င်းက ဆက်လက်ပြောသည်။ 

ယင်းဒေသရှိ စီးပွားရေးလုပ်ငန်းရှင်များကို မကြာခဏ ဆင့်ခေါ်၍ G-1 ရဲ့ ညွန်ကြားချက်အရ ခေါ်ရခြင်းဖြစ်သည်ဟု ဆိုကာ ငွေတောင်းခံပြီး ငွေမပေးသူများကို လုပ်ငန်းလိုင်စင် ရုတ်သိမ်းသွားမည်ဟု ခြိမ်းခြောက် ပြောဆိုလေ့ရှိသည်။ 

ယင်းဒေသရှိ ရိုဟင်ဂျာများသည် စကခ (၁၅) နှင့် တပ်ရင်း (၅၅၁) တို့မှ ခွင့်ပြုချက်ရယူပြီး စိုင်းဒင်တောင်မှ သစ်၊ ဝါး၊ ထင်း ထုတ်လုပ်ရောင်းချလေ့ရှိသည်။ တပ်မနှင့် တပ်ရင်းတို့ကို ငွေပေး၍ ခွင့်ပြုချက်ရယူခြင်း ဖြစ်သော်လည်း တပ်ကြပ်ဝင်းထွန်းဦး၏ ငွေညှစ်ခြင်းကို မကြာခဏ ခံနေရသည်။ ၎င်း၏ နှောက်ယှက်ဟန့်တားမှုကြောင့် လုပ်ငန်းရှင်များက လုပ်ငန်းကို ချောချောမွေ့မွေ့ မလုပ်နိုင် ဖြစ်နေကြသည်။

စကခ (၁၅) အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ရိုဟင်ဂျာများသည် တပ်ကြပ်ဝင်းထွန်းဦး၏ ညှဉ်းပန်းနှိပ်စက် ငွေညှစ်မှုကို နေ့စဉ်နှင့် အမျှခံနေရသောကြောင့် ကျီးလန့်စာစားနေရသည်ဟု ဒေသခံများက ဆိုကြသည်။ 

နေအိမ်အသစ်ဆောက်လုပ်သူများကို ဆင့်ခေါ်၍ G-1 အတွက်၊ ဌာနကြီးတပ်ခွဲမှူးအတွက်ဟု ဆိုကာ တစ်အိမ်လျှင် သုံးသောင်းမှ ငါးသောင်းအထိ ညှစ်ယူသည်။ 

"အိမ်ဆောက်တဲ့လူတွေက တရားမဝင်ဆောက်နေတာ မဟုတ်ဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးဆီကနေ ဆောက်လုပ်ခွင့်ယူပြီး ဆောက်နေကြတာ။ ဒါပေမယ့် တပ်ကြပ်ဝင်းထွန်းဦးက ငွေညှစ်တယ်။ ငွေမပေးတဲ့သူတွေကို ဖမ်းဆီးပြီး နှိပ်စက်တယ်။ တစ်ချို့လူတွေက အိမ်ဟောင်းကို တစ်ပိုင်းတစ်စ မွမ်းမံနေတာရှိတယ်။ အဲဒီလူတွေကို ခေါ်ပြီး ငွေ နှစ်သောင်း၊ သုံးသောင်း ညှစ်တယ်" ဟု ရပ်ရွာလူကြီးတစ်ဦးက ပြောသည်။

တပ်ကြပ်ဝင်းထွန်းဦးက ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်ငွေညှစ်နေခြင်းနှင့် ပတ်သက်၍ တပ်မမှူး၊ G-1 စသည်တို့က ဝေစုရယူပြီး မသိဟန်ဆောင်နေခြင်းလား မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။ အချို့သောဒေသခံများက G-1 က ၃၀% ဝေစုရနေခြင်းကြောင့် ဟန့်တားခြင်း မပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ